မျှော်လင့်ခြင်းသည် ဂူသင်္ချိုင်းကို ထိုးဖေါက်ဖွင့်လှစ်ခဲ့ပြီ
ကျွန်ုပ်တို့ကို နားညောင်းတော်မူပြီး ကျွန်ုပ်တို့၏ဘဝသက်တာအတွင်း
ဝင်ရောက်လာကာ ရှင်သန်စေသောဘုရားသခင်
First readings: Second reading: Rom 6: 3-11; Gospel Luke : 24: 1-12
ခရစ်တော်၌ချစ်လှစွာသော ညီအစ်ကိုမောင်နှအပေါင်းတို့
Happy Easter! မင်္ဂလာရှိသော ပါစကားပွဲတော်ဖြစ်ပါစေ။
ဒီနေ့ဟာ မျှော်လင့်ခြင်းရဲ့ ကြီးမြတ်သောနေ့ရက်ဖြစ်ပါတယ်၊ ကုသခြင်းအတွက် မဟာနေ့ထူး ရက်မြတ် ဖြစ်ပါတယ်။ ဝမ်းနည်းကြေကွဲခြင်းနဲ့ စိမ်းတဲ့သူတွေမဟုတ်တဲ့ကျွန်ုပ်တို့ဟာ ဒုက္ခဆင်းရဲ ခြင်းမှာ ဆေးကြောခြင်းခံပြီး ရှင်ပြန်ထမြောက်ခြင်းမီးလျံမှာ အသစ်မွေးဖွါးခြင်းခံယူသူတွေအဖြစ်နဲ့ ဒီနေရာမှာ စုရုံးရောက်ရှိလာကြပါတယ်။ စစ်ပွဲတွေ၊ အိုးအိမ်စွန့်ခွါရတာတွေ၊ သဘာဝဘေး အန္တရာယ် တွေနဲ့ ဝမ်းနည်းပူဆွေးရခြင်းတွေရဲ့ ပြာမှုန့်တွေအောက်ကနေ သတ္တိရှိရှိနဲ့ ကျွန်ုပ်တို့ ကြွေးကြော်တဲ့ အသံက “သင်္ချိုင်းတံခါးက ကျောက်တုံးကြီးကို ဖယ်ရှားလိုက်ပြီ၊ သခင်ယေဇူးရှင်ပြန်ပြီ၊ ကျွန်ုပ်တို့ရဲ့ မျှော်လင့်ခြင်းဟာလည်း ရှင်သန်နေဆဲဖြစ်ပါတယ်”
၁။ ဘုရားသခင် ကြားတယ်၊ မြင်တယ်၊ ဆင်းကြွလာခဲ့တယ် (ထွက်မြောက်ရာကျမ်း ၃:၇)
ကျွန်ုပ်တို့ကြားခဲ့တဲ့ ပထမကျမ်းစာက အစ္စရာအဲလ်လူတွေ ဒုက္ခဆင်းရဲခံရခြင်းကို ဖေါ်ပြထားတယ်။ ထာဝရဘုရားသခင်က “ငါ့လူတွေရဲ့ ဆင်းရဲပင်ပန်းခြင်းကို ငါမြင်တယ် … သူတို့ရဲ့ ငိုသံတွေကို ငါကြားတယ် … သူတို့ကို ကယ်တင်ဖို့ ငါဆင်းကြွလာတယ်” လို့မိန့်ဆိုခဲ့တယ်။ မိုးဇယ်ကို ခေါ်ခဲ့တဲ့ မီးလောင်နေတဲ့ခြုံပုတ်ကစ ခရစ်တော်ရဲ့ သွေးစွန်းတဲ့လက်ဝါးကပ်တိုင်အဆုံး “ဘုရားသခင်ဟာ ကျွန်ုပ်တို့ကို မျက်ကွယ်ပြုမထားဘူး” ဆိုတဲ့ အမှန်တရားကို သမ္မာကျမ်းစာက ထုတ်ဖေါ်ပြောပြ ပါတယ်။ ဘုရားသခင်က ဆင်းရဲသားတွေရဲ့ ငိုသံတွေကို ကြားတော်မူတယ်၊ ဖိနှိပ်ခံရသူတွေရဲ့ ဆင်းရဲဒုက္ခကို မြင်တယ်။ ဒဏ်ရာတွေနဲ့ပြည့်နက်နေတဲ့ မြန်မာပြည်ပေါ်စီးကျနေတဲ့ မျက်ရည်ပေါက် တွေကို ဘုရားသခင်မြင်ပါတယ်။ ဒါက ပါစကားရဲ့နက်နဲရာပဲ ဖြစ်ပါတယ်။ ဘုရားသခင်က ဆင်းရဲ ဒုက္ခများစွာ ခံစားနေရတဲ့ လူတွေကို လွတ်မြောက်ခြင်းဆီ ဖေးမခေါ်ဆောင်သွားတယ်။
ကျွန်ုပ်တို့ရဲ့ဘုရားသခင်က လူတွေရဲ့နာကျင်မှုတွေအပေါ် တက်ထိုင်နေတဲ့ဘုရားမဟုတ်ပါဘူး၊ ကိုယ်တော်ဟာ လျစ်လျူရှုပြီး အဝေးကြီးမှာနေတဲ့ ဘုရားသခင်မဟုတ်ပါဘူး။ ကိုယ်တော်ဟာ မီးထဲလည်း ဆင်းသက်လာတယ်၊ ဝမ်းနည်းကြေကွဲခြင်းတွေနဲ့ ပဋိပက္ခထဲတိုးဝင်ပြီး လွတ်မြောက်ခြင်း နဲ့ ငြိမ်ချမ်းခြင်းကို ယူဆောင်ပေးပါတယ်။ ဘယ်လိုပုံနဲ့ ရောက်လာပါသလဲ? “ကျွန်ုပ်တို့နဲ့အတူ ရှိသောဘုရား” အေမာနူအဲလ် ယေဇူးခရစ်တော်အားဖြင့် ရောက်ရှိလာပါတယ်။ ကိုယ်တော်ဟာ ကျွန်ုပ်တို့ လူတွေဆီ အလည်အပတ်ပဲ လာတာမဟုတ်ပါဘူး၊ ဒုက္ခဆင်းရဲနာကျင်မှုတွေခံစားဖို့ ရောက် ရှိလာခြင်းဖြစ်ပါတယ်။ သခင်ယေဇူး မျက်ရည်ကျတဲ့အခါ ဘုရားသခင်လည်း မျက်ရည်ကျတယ်၊ သခင်ယေဇူး သွေးချွေးဆီးယိုတဲ့အခါ ဘုရားသခင်လည်း သွေးချွေးဆီးယိုပါတယ်။ သခင်ယေဇူး သစ္စာ ဖေါက်ခံရတဲ့အခါ၊ အားလုံးရဲ့ စွန့်ပစ်ခြင်းခံရတဲ့အခါ၊ ရိုက်နှက်သတ်ဖြတ်ခံရတဲ့အခါ ဘုရားသခင်ကိုယ် တော်တိုင် “အကျွန်ုပ်၏ဘုရား၊ အကျွန်ုပ်၏ဘုရား အဘယ်ကြောင့် ကျွန်ုပ်ကို စွန့်ပစ်ထားတော်မူပါ သနည်း” လို့အော်ဟစ်နေပါတယ်။
၂။ ခရစ်တော်ဟာ ကျွန်ုပ်တို့ရဲ့ဒဏ်ရာဒဏ်ချက်တွေထဲ ဝင်လာတယ်
ကျွန်ုပ်တို့ဖြတ်သန်းခဲ့တဲ့အခြေအနေတွေကို ပြန်ကြည့်မယ်ဆိုရင် ကျွန်ုပ်တို့ဟာ အဆုံးမရှိတဲ့ ကားတိုင် လမ်းကို လျှောက်နေရသလိုပါပဲ။ တစ်ယောက်ကပြောဖူးတယ် မြန်မာပြည်ရဲ့ဝါတွင်းကာလက ရက်ပေါင်း (၄၀)ပဲ မဟုတ်ဘူး ၃၆၅ ရက်ကြာတယ်တဲ့။ ကျွန်ုပ်တို့ဘဝမှာ တွေ့ကြုံရတဲ့ အမျိုးမျိုးသော အခက်အခဲတွေကို ကျွန်ုပ်တို့ နားမလည်နိုင်ကြဘူး။ ဒီဝါတွင်းကာလမှာ ခရစ်တော်ရဲ့ ဒုက္ခဝေဒနာ တွေကို ကျွန်ုပ်တို့ ထောက်ရှုဆင်ခြင်ခဲ့ကြတယ်။ ကျွန်ုပ်တို့လူသားတွေရဲ့ ကြေကွဲခြင်းတွေထဲမှာ ခရစ်တော်ဟာ တရားသူကြီးတစ်ဦးလိုမဟုတ်ဘဲ ဒဏ်ရာရထားတဲ့ခရီးဖေါ်တစ်ယောက်လို အတူရှိ နေပါတယ်။ မုဆိုးမတစ်ဦးရဲ့ အထီးကျန်ညတွေမှာ ကိုယ်တော်ရှိနေတယ်၊ ထွက်ပြေးနေရတဲ့ ကလေးငယ်တွေနဲ့ အတူပြေးလွှားနေတယ်၊ သူနာပြုတွေ၊ သီလရှင်တွေရဲ့ဘေးမှာ ဒူးထောက်နေ တယ်၊ ဘာသာသူတွေကို စွန့်ပစ်မသွားတဲ့ သိုးထိန်းရဟန်းတွေနဲ့အတူ ကိုယ်တော်ရှိနေပါတယ်။ သဘာဝတရားကြီးကလည်း ဖျက်အားပြင်းတဲ့ငလျင်ကြီးနဲ့ ကျွန်ုပ်တို့ကို ဒုက္ခတွေပုံအော ပေးလိုက်တဲ့ အခါမှာတော့ သေခြင်းနဲ့ ဒုက္ခဆင်းရဲခြင်းဆိုတာ ကျွန်ုပ်တို့လူသားတွေနဲ့ ခွဲထားမရနိုင်တဲ့အရာတစ်ခု အဖြစ်မှတ်ယူစေပါတယ်။
ဒုတိယဖတ်ရှုခြင်းမှာ ကျွန်ုပ်တို့ကြားခဲ့ရတဲ့အတိုင်း ရှင်ပေါလုက ခရစ်တော်ရဲ့ ဒုက္ခဆင်းရဲခြင်းနဲ့ သေခြင်း၌ ဆေးကြောခြင်းခံခဲ့တဲ့ ကျွန်ုပ်တို့ဟာ ကိုယ်တော်ရဲ့ ရှင်ပြန်ထမြောက်ခြင်း၌လည်း ဆေးကြောခြင်းခံကြရမယ်လို့ ရောမမြို့သားတို့ထံရေးတဲ့စာမှာ ရေးသားခဲ့ပါတယ်။ အဲ့ဒါကလည်း ကျွန်ုပ်တို့ရဲ့ ယုံကြည်ခြင်းလည်း ဖြစ်ပါတယ်။ ဒီကြောင်းအရာက ကျွန်ုပ်တို့ယုံကြည်ခြင်းရဲ့ လှပမှုတစ်ခုဖြစ်သလို နားလည်ရခက်တဲ့အရာလည်း ဖြစ်ပါတယ်။ “လောကကြီးရဲ့ကယ်တင်ရှင်ဟာ ဒဏ်ရာဒဏ်ချက်တွေနဲ့ပြည့်နေတယ်၊ သူ့ရဲ့ဒဏ်ရာဒဏ်ချက်များအားဖြင့် ကျွန်ုပ်တို့ဟာ ကုသခြင်းခံ ကြရတယ် (ဟေရှာယ ၅၃:၅)။
ဧဝံဂေလိကျမ်းမှာ ကောင်းကင်တမန်က သင်္ချိုင်းကိုရောက်လာကြတဲ့ အမျိုးသမီးတွေကို ပြောခဲ့တာ တဲ့စကားက “သင်တို့သည် အသက်ရှင်သူအား အဘယ်ကြောင့် သေသူများအလယ်တွင် ရှာဖွေ ကြသနည်း။ ကိုယ်တော်သည် ဤနေရာတွင်မရှိ၊ ကိုယ်တော်ရှင်ပြန်တော်မူပြီ။” (လုကာ ၂၄:၅-၆)
မှန်ပါတယ်။ အီစတာပွဲတာ သေခြင်းတရားတို့ အဆုံးသတ်တဲ့နေ့၊ အသက်တာရဲ့အာရုဏ်ဦး မျှော်လင့် ခြင်းတို့ နိုးထလာတဲ့ရက်ဖြစ်ပါတယ်။ ခရစ်တော်ရဲ့ ရှင်ပြန်ထမြောက်ခြင်းက တန်ခိုးတော်လက္ခဏာ တစ်ခုပဲမဟုတ်ဘူး - တော်လှန်ရေးတစ်ခုလို့လည်း ဆိုနိုင်ပါတယ်။ ကျောက်တုံးကြီးက သင်္ချိုင်းဝကနေ လိမ့်သွားတာပဲ မဟုတ်ဘူး - အစိတ်စိတ်အမွှာမွှာကွဲကြေသွားခဲ့တာ။ သင်္ချိုင်းက ချစ်ခြင်းမေတ္တာကို လှောင်ပိတ်ထားနိုင်စွမ်းမရှိပါဘူး။ မှောင်မိုက်ခြင်းက အလင်းကို မတားနိုင်ပါဘူး။ မြန်မာပြည်သူ ပြည်သား အယောက်စီတိုင်းကို ဒီသတင်းစကားပေးချင်ပါတယ်။ စိတ်နှလုံးကြေကွဲသူတွေ၊ ကြောက်ရွံ ထိတ်လန့်ခြင်းအောက်မှာ ပိနေတဲ့တွေသူတွေကို သခင်ခရစ်တော်ပြောနေတာက
ü “ငါဟာ သင်နဲ့အတူ ရှိနေတယ်၊ မကြောက်ပါနဲ့”
ü ဘုရားသခင်က ကျွန်ုပ်တို့ကို ကြောက်ရွံထိတ်လန့်ခြင်းစိတ်ကိုမပေးခဲ့ပါဘူး၊ ဘုန်းအာနုဘော်၊ ချစ်ခြင်းမေတ္တာနဲ့ ကြည်လင်ရှင်းလင်းတဲ့ အသိဉာဏ်ကိုပေးထားပါတယ်။
ü မတရားမှုအောက်မှာ နင်းခြေခံရသူတွေကို တီးတိုစကားဆိုတာက “ငါ သင့်ကို မေ့ပစ်မထားပါဘူး”
ü ကိုယ်ဝန်ဆောင်မိခင်ဟာ သူ့ဝမ်းတွင်းက သားငယ်ကို မေ့လျော့ထားရင်တောင် “ငါဟာ သင့်ကို မေ့ပစ်ထားမှာမဟုတ်ပါဘူး၊ သင့်ကို ငါ့လက်ဖဝါးမှာ ကမ္ပည်းထိုးထားပါတယ်”
၃။ ဂျူဘီလီရဲ့အနှစ်သာရ - ပြန်လည်တည်ဆောက်ရေးအတွက် ဘုရားသခင်ရဲ့စီမံကိန်း
ယခုနှစ်ဟာ မျှော်လင့်ခြင်းနှစ်ဖြစ်ပါတယ်။ ဂျူဘီလီနှစ်တွေဟာ ကျွန်ုပ်တို့ကယ်တင်ခြင်းနှစ်တွေထဲမှာ ဘုရားသခင်ရဲ့ကျေးဇူးတော်တွေနဲ့ ပြည့်ဝနေတဲ့နှစ်လည်း ဖြစ်ပါတယ်။ ဂျူဘီလီကို သတ်မှတ်ပေးတဲ့ ကျမ်းပိုဒ်က ဝတ်ပြုရာကျမ်း ၂၅:၁၀ ဖြစ်ပါတယ်၊ “နိုင်ငံတစ်ဝှမ်း၌ လွတ်ငြိမ်းချမ်းသာခွင့်ကို ကြေညာ လော့၊ အကြောင်းမူကား ဤနှစ်သည် သင့်အတွက် ဂျူဘီလီနှစ်ဖြစ်ရမည်။” တကယ်တော့ ဂျူဘီလီဆိုတာ ဘုရားသခင်က လူမှုရေးဦးတည်ချက်တွေချမှတ်ကျင်းပစေတဲ့ အထိမ်းအမှတ်ပွဲတော် ဖြစ်ပါတယ်။ “ကြွေးမြီတွေ လျော်ပစ်ရမယ်၊ မြေကြီးကိုပြုပြင်ထိန်းသိမ်းရမယ်၊ ကျွန်တွေကို လွတ်ငြိမ်း ခွင့်ပေးရမယ်” စတဲ့ အချက်တွေကျင့်ကြံရမှာ ဖြစ်ပါတယ်။
သခင်ယေဇူးကြွလာတဲ့အခါ ဂျူဘီလီ ဆိုတာ သတ်မှတ်တဲ့နှစ်ပဲမဟုတ်တော့ဘဲ ထာဝရပွဲတော် ဖြစ်လာပါတယ်။ ရှင်လုကာ ၄:၁၈ မှာ “ထာဝရဘုရားသခင်၏ ဝိညာဉ်တော်သည် ငါ့အပေါ်၌ရှိ တော်မူ၏။ ထို့ကြောင့် ငါ့ကိုဆီလူး ဘိသိက် ပေးတော်မူ၍ ဆင်းရဲသားတို့အား ဝမ်းမြောက်စရာ သတင်းကို ဟောပြောရန်လည်းကောင်း၊ ချုပ်နှောင် ခံရသောသူတို့အား လွတ်ငြိမ်းခြင်းကို ကြေညာ ရန်နှင့် မျက်စိမမြင်သောသူတို့အား မျက်စိအလင်းကို ပေးရန်လည်းကောင်း၊ ဖိနှိပ်ခံရသောသူတို့အား ကယ်တင်ရန်လည်းကောင်း၊ ထာဝရဘုရားသခင်၏ ကျေးဇူးတော်နှစ်ကို ကြေညာရန်လည်းကောင်း ကိုယ်တော်သည် ငါ့ကိုစေလွှတ်တော်မူ၏” လို့ဖတ်ရှု ကြရပါတယ်။ မြန်မာပြည်သူပြည်သားများ အတွက် ဂျူဘီလီဆိုတာ သတ်မှတ်ထားတဲ့ နှစ် တစ်ခုမဟုတ်တော့ဘူး၊ ခရစ်တော်ကိုယ်တိုင် ဖြစ်လာ ပါတယ်။ ခရစ်တော်ကိုယ်တော်တိုင် တရားမျှတခြင်းကို ပေါ်ထွက်လာစေမယ်၊ ဆင်းရဲသားတွေကို ချီမြှောက်မယ်၊ ဖန်ဆင်းခံလောကကြီးတစ်ခုလုံးကို ပြန်လည် ပြင်ဆင်မှာ ဖြစ်ပါတယ်။ မျှော်လင့်ခြင်း ဂျူဘီလီနှစ်မှာ ကျွန်ုပ်တို့လည်း ကြွေးကြော်နိုင်ကြလိမ့်မယ်။
§ ဖမ်းဆီးချုပ်နှောင်ထားခံရသူတွေဟာ ထာဝရအတွက် ချုပ်နှောင်ခံရမှာ မဟုတ်ဘူး
§ ဖိနှိပ်ခံရသူတွေဟာ ထာဝရအတွက် ချိုးဖဲ့ခံကြရမှာ မဟုတ်ဘူး
§ နောက်ဆုံးသူတို့ဟာ ပထမဖြစ်ရမယ်၊ နူးညံ့သိမ်မွေ့သူတွေဟာ မြေကိုပိုင်ကြရလိမ့်မယ်။
ဒီကြွေးကြော်သံတွေက စိတ်ကူးယဉ်သက်သက်မဟုတ်ပါဘူး၊ ရောက်ရှိလာတဲ့ နိုင်ငံတော်ဖြစ်ပါတယ်၊ ဒါက မြန်မာပြည်သူပြည်သားတွေရဲ့ မျှော်လင့်ခြင်း ဂျူဘီလီဖြစ်ပါတယ်။
၄။ အသင်းတော်ဆိုတာ မျှော်လင့်ခြင်းရဲ့လူတွေနဲ့တည်ဆောက်ထားခြင်း ဖြစ်တယ်
ရောမဩဝါဒစာ ၈:၁၁ မှာ “ခရစ်တော်ကို သေခြင်းမှရှင်ပြန်ထမြောက်စေသော အရှင်၏ဝိညာဉ် တော်သည် သင်တို့၌ကိန်းဝပ်တော်မူလျှင် ယေဇူးခရစ်တော်ကို သေခြင်းမှရှင်ပြန်ထမြောက်စေသော အရှင်သည် သင်တို့၌ကိန်းဝပ်တော်မူသော မိမိ၏ဝိညာဉ်တော်အားဖြင့် သင်တို့၏သေမျိုးဖြစ်သော ကိုယ်ခန္ဓာကိုလည်း အသက်ရှင်စေတော်မူလိမ့်မည်” လို့ ခိုင်မာတဲ့ အာမခံချက်ပေးထားတယ်။ မြန်မာအသင်းတော်ကလည်း နိုးထရမယ်၊ စိတ်ဓါတ်ကျခြင်းနဲ့မဟုတ်ဘူး၊ သက်သေခံခြင်းနဲ့ နိုးထ ရမယ်။ ခါးသီခြင်းတွေနဲ့မဟုတ်ဘဲ ရှင်ပြန်ခြင်းရဲ့မျှော်လင့်ခြင်းအာနုဘော်နဲ့ နိုးထရမယ်။
ကျွန်ုပ်တို့ဟာ -
စွန့်ပစ်ခံထားရတာမဟုတ်ဘူး - ဆီနဲ့လိမ်းကျံခံထားရသူတွေဖြစ်တယ်။
ကျွန်ုပ်တိုဟာ သားကောင်တွေမဟုတ်ဘူး - အောင်မြင်မှုသရဖူဆောင်းသူတွေဖြစ်တယ်
ကျွန်ုပ်တို့ဟာ ဝမ်းနည်းကြေကွဲနေသူတွေမဟုတ်ဘူး - အလောင်းတော်မရှိတော့တဲ့သင်္ချိုင်းထဲကနေ သတင်းတောင်းကို ကြေညာနေသူတွေဖြစ်တယ်။
မတရားမှုမှန်သမျှကို ရင်ဆိုင်ပြောရမှာက “သင်တို့မှာ ဆုံးဖြတ်ပိုင်ခွင့်မရှိဘူး”
ဝမ်းနည်းခြင်းတွေကို ပြောရမှာက “သင်တို့ဟာ ပြောင်းလဲခြင်းခံရလိမ့်မယ်”
သင်္ချိုင်းတွင်းတွေကို ပြောရမှာက “သင်တို့ဟာ လူသားတွေရဲ့ နောက်ဆုံးပန်းတိုင်မဟုတ်ဘူး”
ကျွန်ုပ်တို့နိင်ငံတွင်းမှာ မျှော်လင့်ခြင်းမီးတောက်ကို ပြန်လည် ထွန်းညှိကြပါစို့။ ၂၀၂၅ ခုနှစ် မြန်မာပြည် ကို ပြည်လည်သုံးသပ်ကြည့်လိုက်ရင် မြန်မာပြည်ဟာ အလွန်ခက်ခဲတဲ့ အချိန်ကာလကို ဖြတ်သန်းနေ ရတယ်ဆိုတာ သိသာထင်ရှားပါတယ်။ နိုင်ငံရေးမတည်ငြိမ်မှုတွေ၊ စီးပွါးရေးကျပ်တည်းမှုတွေ၊ လူမှုရေးကွဲပြားမှုတွေနဲ့အတူ ငလျင်ကြီးလှုပ်ခတ်မှုကြောင့် နှစ်ပေါင်းများစွာ ခက်ခဲနေပြီးသားဘဝ တွေကို လှုပ်ခါလိုက်ရမ်းလိုက်လို့ နာကျင်မှုတွေဟာ မိုပိုတိုးပွါးလာခဲ့ရပါတယ်။ ဒီလိုအချိန်မှာပဲ အီစတာပွဲတော်ကို တိုက်တိုက်ဆိုင်ဆိုင်ကျင်းပနေကြရတယ်။ ကျိုးပဲ့ပျက်စီးနေတဲ့ အဆောက်အဦ တွေကြားထဲမှာ၊ မသေချာမရေရာမှုတွေကြားထဲမှာ၊ ဆုံးရှုံးခြင်းကြောင့် နာကျင်မှုတွေကြားထဲမှာ ကျွန်ုပ်တို့ ရှင်သန်ခြင်းအကြောင်းပြောနေကြတယ်။ ကျွန်ုပ်တို့ပြန်လည်နိုးထလာကြမယ်ဆိုတဲ့ မျှော် လင့်ခြင်းအပြည့်နဲ့ ပြောဆိုကြမယ်။
အီစတာဆိုတာ ဇိမ်ကျနေတဲ့သူတွေအတွက် ကျင်းပတဲ့ပွဲတော်မဟုတ်ပါဘူး။ သေခြင်း၊ စိတ်ဓါတ်ကျ ခြင်းနဲ့ ပျက်စီးဆုံးရှုံးခြင်းတွေကို အာခံပြီးကျင်းပတဲ့ပွဲတော်ဖြစ်ပါတယ်။ ဘယ်လောက်ပဲပြဿနာတွေ ပုံနေပါစေ ဘုရားသခင်ရဲ့ ချစ်မေတ္တာဟာရှင်သန်နေမှာပါ။ ကျွန်ုပ်တို့ခြေအောက်က မြေကြီးက ဘယ်လောက်တုန်ခါနေပါစေ ကျွန်ုပ်တို့ဟာ စွန့်ပစ်မခံရပါဘူး။ ကျွန်ုပ်တို့ဟာ ခေါ်တော်မူခြင်းခံရသူ တွေဖြစ်ပါတယ်။ ပြန်ရုန်းထဖို့၊ ပြန်တည်ဆောက်ဖို့၊ အာရုဏ်ဦးကို တောင့်တနေတဲ့နိုင်ငံဆီကို အလင်း သယ်ဆောင်ပေးဖို့ ခေါ်တော်မူခြင်းခံရသူတွေဖြစ်ပါတယ်။
ဒီနှစ် အီစတာပွဲတော်ရဲ့ အခါကြီးရက်တွေဟာ သင်္ကြန်ပွဲတော်ရက်တွေ မြန်မာနှစ်ဆန်းတစ်ရက်နဲ့ တိုက်ဆိုင်နေပါတယ်။ သင်္ကြန်ဆိုတာ အညစ်အကြေးတွေကို အတာရေနဲ့ပက်ဖျန်းဆေးကြောတဲ့ အချိန်အခါလည်းဖြစ်ပါတယ်။ ဒီသင်္ကေတကိုယူပြီး ဖုံမှုန့်တွေကိုပဲမဟုတ်ဘဲ ကြောက်ရွံ့ခြင်းတွေ၊ စိတ်ဓါတ်ကျခြင်းတွေကိုပါ ဆေးကြောပစ်ကြပါစို့။ အီစတာပွဲတော်နဲ့ မြန်မာနှစ်ကူးပွဲကို အတူ ကျင်းပခွင့်ကြုံတာဟာ အသစ်တဖန်စတင်ကြပါစို့လို့ ဖိတ်ခေါ်နေတယ်လို့လည်း မှတ်ယူနိုင်ပါတယ်။ ငြိမ်းချမ်းခြင်းမျိုးစေ့ကိုကြဲချပြီး ကျွန်ုပ်တို့ရဲ့ နောင်လာနောင်သား ကလေးငယ်များအတွက်၊ ကျွန်ုပ်တို့နဲ့ နီးစပ်သူများအတွက်၊ ကျွန်ုပ်တို့နိုင်ငံအတွက် မျှော်လင့်ခြင်းအသစ်တွေ ဖန်တီးပေးကြပါစို့။
တစ်ဦးချင်းတစ်ယောက်ချင်း ပြန်ရုန်းထတာမျိုးမဟုတ်ဘဲ လူတစ်စုတစ်ဖွဲ့အနေနဲ့ပြန်ထကြရအောင်၊ ပြန်လည်တည်ဆောက်ချင်တဲ့လက်တွေ၊ အခွင့်လွှတ်ဖို့အသင့်ဖြစ်နေတဲ့ နှလုံးသားတွေ၊ တရား မျှတခြင်းနဲ့ ကုသခြင်းရဲ့နေမင်းကြီး ထွက်ပေါ်လာတာကို ကြည့်မြင်နေတဲ့ မျက်လုံးတွေနဲ့ ပြန်စကြ ပါစို့။ သင်္ချိုင်းတံခါးဝက ကျောက်တုံးကြီးကိုဖယ်ရှားပစ်နိုင်သလို ဖိနှိပ်ခြင်း၊ ကျွန်ပြုခြင်း၊ အနိုင်ကျင့် ခြင်း ကျောက်တုံးကြီးကိုလည်း ကျွန်ုပ်တို့နိုင်ငံထဲကနေ အပြီးတိုင်ဖယ်ရှားနိုင်ပါတယ်။
အီစတာ ၂၀၂၅ ဟာ မြန်မာပြည်အတွက် သန့်ရှင်းသောနေ့ရက်ဖြစ်ရုံမက သန့်ရှင်းသော အစပြုခြင်း ဖြစ်ပါစေ။ အချစ်ဆိုတာ သေခြင်းထက်ပိုခွန်အားရှိတယ်၊ မျှော်လင့်ခြင်းဟာ ဘယ်တော့မှ အလဟဿ ဖြစ်မသွားဘူးဆိုတာတဲ့ ယုံကြည်ချက်တွေကို လက်ကိုင်ထားပြီး မြန်မာပြည်သူပြည်သားတွေဟာ အရာရာပုံကျပျက်စီးသွားတဲ့အခါ ပိုပြီးခွန်အားရှိလာမယ်၊ ပိုပြီးနူးညံ့သိမ်မွေ့လာမယ်၊ ပိုပြီး ကြင်နာ သနားခြင်း၌ စည်းလုံးညီညွတ်ကြမယ်။ သင်္ချိုင်းထဲမှာ ဘာမှမရှိတော့ဘူးလို့ ကြွေးကြော်နိုင်ကြမယ်။ တိတ်တဆိတ်မျက်ရည်ကျခဲ့ရတဲ့ ရှည်လျားတဲ့ညတွေလည်း မျှော်လင့်ခြင်းအာရုဏ်တက်မှာ ပျောက် ကွယ်သွားကြလိမ့်မယ်၊ တရားမျှတခြင်း ပြန်လည်ထွန်းကားလိမ့်မယ်။ ဒီရွှေနိုင်ငံတော်မှာ ပျော်ရွှင်ခြင်းတို့ ပြန်လည်ရောက်ရှိလာပါလိမ့်မယ်။
ကျွန်ုပ်တို့ရဲ့ နိုင်ငံတော်ဟာ တရားမျှတခြင်းကိုအခြေပြုတဲ့ငြိမ်းချမ်းခြင်းအပေါ် တည်ဆောက်ထားတဲ့ ကမ္ဘာသစ်မှာ ပြန်လည်နိုးထလာနိုင်ပါစေ။ ရှင်ပြန်တော်မူသော မျှော်လင့်ခြင်း၏သခင် ကျွန်ုပ်တို့ထံ ကြွမြန်းတော်မူပါ။ မင်္ဂလာအပေါင်းခညောင်းပြည့်ဝတဲ့ အီစတာပွဲတော် ဖြစ်ပါစေ… အာလေလုယာ …. အာမင်။
2025-04-20 04:40:33