ဒီဇင်ဘာလ ၅ ရက်နေ့က ရဟန်းသိက္ခာခံယူခဲ့သော
ဖာသာရ်ဂျုဒ်အဲလ်ဘတ်ဂျွန်ဆင် ၏ ခေါ်တော်မူခြင်းခရီး
ကျွန်တော့်နာမည်ဂျုဒ်အဲလ်ဘတ်ဂျွန်ဆင်ပါ။ မိသားစု (၆) ဦးရှိပြီး မြန်မာနိုင်ငံမှာ မွေးဖွားကြီးပြင်းခဲ့ပါတယ်။ ယုံကြည်ခြင်းနဲ့ တနင်္ဂနွေနေ့မစ္ဆားတရားကို အရမ်းတန်ဖိုးထားတဲ့မိသားစုဖြစ်ပါတယ်။ ကျွန်တော့်ရဲ့ ခေါ်တော်မူခြင်းဘဝက အလယ်တန်းကျောင်းသားဘဝမှာစတင်ခဲ့ပြီး တက္ကသိုလ်ကျောင်းသားဘဝမှာတော့ ပိုပြီးလေးနက်လာခဲ့ပါတယ်။
ကျွန်တော့်ရဲ့ခေါ်တော်မူခြင်းခရီးကတော့ ကျောင်းထိုင်ဘုန်းတော်ကြီးရဲ့မေးခွန်းလေးတစ်ခုနဲ့စတင်ခဲ့တာပါ။ တရားထောက်တစ်ယောက်အဖြစ်ကြီးပြင်းလာတဲ့ကျွန်တော့်ကို တစ်နေ့မှာတော့ ကျောင်းထိုင်ဘုန်းကြီးက “ဂျုဒ်၊ ဘုန်းကြီးဖြစ်ချင်လား?” ဆိုပြီးမေးခဲ့ပါတယ်။ မေးခွန်းရဲ့အဓိပ္ပာယ်ကို သေချာနားမလည်ပေမဲ့ “ဟုတ်ကဲ့” လို့ ပြန်ဖြေလိုက်တယ်။ အဲ့ဒီအချိန်ကစပြီး ဒီမေးခွန်းကကျွန်တော့်ကိုလှုံ့ဆော်ပေးတယ်၊ တက္ကသိုလ်တက်နေတဲ့ အချိန်မှာ ပိုပြီးတော့ခံစားလာရတယ်။ နှလုံးသားထဲစွဲနေတဲ့ အဲဒီအသံက “သခင်၊ ကျွန်ုပ်အား ကိုယ်တော်၏လက်နက်တန်ဆာအဖြစ် မည်သည့်နေရာတွင် အသုံးပြုလိုပါသနည်း” ဆိုပြီး ဆုတောင်းဖို့ တွန်းအားတွေပေးခဲ့တယ်။ နှစ်အနည်းငယ်ကြာအောင် လေးလေးနက်နက်သုံးသပ်ပြီးတဲ့အခါ (၂၀၀၈) ခုနှစ်မှာ မြန်မာနိုင်ငံက ရဟန်းဖြစ်သင်ကျောင်းကိုဝင်ရောက်ခဲ့ပြီးတော့၊ (၂၀၁၄) ခုနှစ်မှာ မဲလ်ဘုန်းဂိုဏ်းချုပ် သာသနာတော်ကို ရောက်လာခဲ့ပါတယ်။
ရဟန်းဘဝကို စတင်လျှောက်လှမ်းလာရတဲ့အခါမှာ အဲ့ဒီနှစ်တွေကိုပြန်ပြောင်းကြည့်လိုက်ရင် သခင်ခရစ်တော်က ကျွန်တော့်အတွက် လမ်းကြောင်းပေးတယ်၊ ကျွန်တော့်ကိုခေါ်တယ်၊ သူ့နောက်လိုက်နိုင်ဖို့လည်း ခွန်အားပေးတယ်ဆိုတာကို ယုံကြည်ပါတယ်။ ရဟန်းဘဝရဲ့ ပျော်ရွှင်မှုတွေနဲ့ စိန်ခေါ်မှုတွေကြားမှာ ပေတရုက သခင်ယေဇူးကိုပြန်ဖြေခဲ့တဲ့စကားနဲ့ အမြဲတမ်းခွန်အားယူပါတယ်။ “သခင်ဘုရား၊ တပည့်တော်တို့သည် မည်သူ့ထံသို့သွားရပါမည်နည်း။ ကိုယ်တော်၌ ထာဝရအသက်နှင့်ဆိုင်သောစကားရှိပါ၏” (ယောဟန် ၆ း ၆၈)
တစ်ချိန်ထဲမှာပဲ ဒီခေါ်တော်မူခြင်းခရီးစဉ်မှာ နည်းလမ်းအမျိုးမျိုးနဲ့ကူညီပေးခဲ့ကြတဲ့ ကျွန်တော့်ရဲ့မိသားစုနဲ့ ကူညီပံ့ပိုးပေးခဲ့ကြသူများအားလုံးကို အထူးကျေးဇူးတင်ပါတယ်။
Source: Vocations Melbourne
2020-12-05 20:17:20
NEWS AND EVENTS