Untitled Document
Untitled Document
Myanmar Catholic Church
CBCM
Untitled Document

မြန်မာကာဒီနယ်မှ အသက်အရွယ် ကြီးရင့်ခြင်းသည်

ဘုရားသခင်၏ ကောင်းကြီးမင်္ဂလာဖြစ်ကြောင်း မိန့်ကြား

အသက်အရွယ် ကြီးရင့်တယ်ဆိုတဲ့ အဓိပ္ပါယ်က ဘုရားသခင်ရဲ့ ကောင်းကြီးမင်္ဂလာ ဖြစ်ပါတယ်။” ဟု ရန်ကုန် ကက်သလစ် ဂိုဏ်းချုပ်ဆရာတော်ကြီး ချားစ် ကာဒီနယ်ဘိုမှ ကမ္ဘာ့ဘိုးဘွားများနှင့် အသက်ကြီးသူများပွဲနေ့၌ မိန့်ကြားခဲ့ပါသည်။

ကမ္ဘာ့ဘိုးဘွားများနှင့် အသက်ကြီးသူများပွဲနေ့ကို ရန်ကုန်မြို့ စိန်မေရီ ကာသီဒြယ် ဘုရားရှိခိုးကျောင်း၌ ၂၇ ရက် ဇူလိုင်လ၊ ၂၀၂၄၊ နံနက် ၉ နာရီအချိန်တွင် မစ္ဆားတရားတော်မြတ်နှင့် ကျင်းပခဲ့ပါသည်။

“ကျွန်ုပ်တို့ ဘယ်အသက်အရွယ်ပဲ ရောက်ရောက် ဘုရားသခင်က ကျွန်ုပ်တို့နဲ့အတူ နီးနီးနားနားမှာ နေတယ်။ အထူးသဖြင့် စွန့်ပယ်ခြင်းခံရမှာ ကြောက်ရွံ့တဲ့အချိန်၊ အသက်အိုလာတဲ့အချိန်၊ ဝေဒနာ ခံစားနေရတဲ့အချိန်မှာ၊ ဘုရားသခင်က ပိုပိုပြီးတော့ နီးကပ်နေပါတယ်။” ဟု ရန်ကုန် ဂိုဏ်းချုပ်ဆရာတော်ကြီးမှ မိန့်ကြားခဲ့ပါသည်။

ဘုရားရှင်သည် သားသမီးများကို မည့်သည့်အခါမှ ပစ်မထားပါကြောင်း၊ အသက်အရွယ် ကြီးလာသည့်အချိန်၊ ခွန်အားလျော့ပြီး လုပ်နိုင်စွမ်းများ လျော့လာသည့်အချိန်တွင် ဘုရားသခင်သည် အပြင်အပကို မကြည့်သလို ကျွန်ုပ်တို့ကို အထင်မသေးကြောင်း၊ ကျောက်တုံးအကြီးများသည် ကျောက်တုံးအသေးများအတွက် ခိုကိုးရာဖြစ်ပြီး ပိုမိုခိုင်ခံ့စေကြောင်း  ပုပ်ရဟန်းမင်းကြီး ဖရန်စစ် အရှင်သူမြတ်၏ မိန့်ကြားချက်များကို ပြန်လည် ဝေမျှခဲ့ပါသည်။

“အသက်ကြီးတဲ့သူတွေ အရွယ်ကြီးတဲ့သူများကို နီးနီးကပ်ကပ်နဲ့ စောင့်ရှောက်ပေးတဲ့သူများဟာ ကျေးဇူးတော် များများ ခံစားရမှာ ဖြစ်ပါတယ်။” ဟု ကာဒီနယ်ဘိုမှ အလေးထား မိန့်ကြားခဲ့ပါသည်။

“ဘိုးဘွားများ အသက်ကြီးတဲ့သူများကို tender love ချစ်ခင်ရင်းနှီးမှုကို ပြကြရအောင်။ ပွဲကျင်းပရုံသာမက၊ ဒီနေ့တင်သာမက ကျွန်ုပ်တို့ဟာ နေ့စဥ် ဘိုးဘွားများနဲ့ အသက်ကြီးသူများကို ကြည့်ရှုကြရအောင်။ စိတ်အားငယ်နေတဲ့ ဘိုးဘွားများ ဘာမှ မျှော်လင့်ချက် မရှိဘူးလို့ တွေးနေတဲ့ စိတ်အားငယ်နေတဲ့ သူများနဲ့ အချိန်ပေးကြရအောင်။” ဟု မြန်မာ ကာဒီနယ်မှ တိုက်တွန်းနှိုးဆော်ခဲ့ပါသည်။

ပုပ်ရဟန်းမင်းကြီး ဖရန်စစ် အရှင်သူမြတ်မှ ကမ္ဘာ့ဘိုးဘွားများနှင့် အသက်ကြီးသူများနေ့ကို 2021 ခုနှစ်တွင် စတင်ကျင်းပခဲ့ပြီး ယခုနှစ်သည် စတုတ္ထ အကြိမ်မြောက် ဖြစ်ပါသည်။ မိဘများပွဲနေ့ဖြစ်သော ဇူလိုင်လ ၂၆ ရက်နှင့် အနီးကပ်ဆုံး တနင်္ဂနွေနေ့ကို ကမ္ဘာ့ဘိုးဘွားများနှင့် အသက်ကြီးသူများပွဲနေ့အဖြစ် သတ်မှတ်ထားပါသည်။


2024-07-29 22:05:10
NEWS AND EVENTS