ညောင်လေးပင် မယ်တော်ပွဲ
၉ ရက် ဖေဖေါ်ဝါရီ ၂၀၂၅
ယေဇူးခရစ်တော်သခင်၌ ချစ်လှစွာသော ညီအစ်ကိုမောင်နှမအပေါင်းတို့
ကျွန်ုပ်တို့ဟာ လုဒ်မယ်တော်သခင်မရဲ့ ထွေးပွေ့ခြင်းကိုခံယူဖို့ ယနေ့ ဤနေရာမှာ စုရုံးရောက်ရှိနေကြ ပါတယ်။ မှန်ပါတယ်၊ ဒီနေရာဟာ ကောင်းကင်က မြေကြီးကိုတွေ့ထိတဲ့နေရာ - တန်းခိုးတော်ရဲ့နေရာ - မျှော်လင့်ခြင်းရဲ့နေရာ - ဘုရားသခင်ရဲ့ သနားခြင်းနေရာ ဖြစ်ပါတယ်။ ဒီမြေပေါ်မှာ ထောင်ပေါင်း များစွာသော ဘုရားဖူးတွေဟာ နှစ်သိမ့်ခြင်း၊ ကုသခြင်း၊ လုဒ်မယ်တော်ရဲ့ ကြားဝင်တောင်းလျှောက် ပေးခြင်းကို ရှာဖွေတွေ့ရှိခဲ့ကြပါတယ်။ ယခုလို မယ်တော်ရဲ့ပွဲတော်ကိုကျင်းပဖို့ စုရုံးရောက်ရှိလာ ကြတဲ့အချိန်မှာ အမိမယ်တော်ရဲ့ ကြီးမားသောချစ်ခြင်းများအတွက် ကျေးဇူးတင်ခြင်းများစွာဖြင့် ကျွန်ုပ်တို့၏ စိတ်နှလုံးကို ပြည့်ဝစေကြပါစို့။ ယုံကြည်ခြင်းဖြင့်တွေ့မြင်နိုင်မယ့် အံ့ဖွယ်ရာများစွာကို တွေ့မြင်နိုင်ဖို့ ကျွန်ုပ်တို့ကိုယ်ကို အသင့်ပြင်ထားကြပါစို့။
Mary Mother of Peace - ငြိမ်းချမ်းခြင်း၏မယ်တော်မာရီယာ
ရှုတ်ထွေးမှုတွေ၊ ပဋိပက္ခတွေနဲ့ မကြာခဏလွှမ်းခြုံထားခံရတဲ့ ဒီကမ္ဘာကြီးထဲမှာ ကျွန်ုပ်တို့ရဲ့ မျက်စိများကို ငြိမ်းချမ်းခြင်းရဲ့မယ်တော်ထံလှည့်ကြရပါတယ်။ ကောင်းကင်တမန်တော်က ဘုရား သခင်ရဲ့သားတော်ကို ဝမ်းတော်မှာလွယ်ပေးဖို့ မယ်တော်ထံ သတင်းစကားပြောကြားတဲ့အခါ မယ်တော်ဟာ သံသယစိတ်တွေ ကြောက်ရွံ့စိတ်တွေနဲ့ ရှုတ်ထွေးမနေခဲ့ပါဘူး။ “ကျွန်မဟာ ဘုရားသခင်ရဲ့ အစေခံဖြစ်ပါတယ်၊ သင်မိန့်ဆိုသည့်စကားအတိုင်း ကျွန်မ၌ဖြစ်ပါစေ” ဆိုပြီး ဘုရားသခင်ရဲ့နှုတ်ကပါဌ်တော်ကို ယုံကြည်ခြင်းနဲ့ တည်ငြိမ်စွာ ခံယူခဲ့ပါတယ်။ ဒီလို ဝေဝါးခြင်း ကင်းတဲ့ မယ်တော်ရဲ့ လက်ခံခြင်းက ကျွန်ုပ်တို့ရဲ့အတွင်းစိတ်ငြိမ်းချမ်းခြင်းအတွက် ကြိုးစားတည် ဆောက်ကြဖို့နဲ့ ကျွန်ုပ်တို့ဟာ ဒုက္ခမျိုးစုံတွေ့ကြုံနေရတဲ့ ကမ္ဘာကြီးအတွက် ငြိမ်းချမ်းခြင်းရဲ့ သံတမန် များဖြစ်ကြဖို့ ဖိတ်ခေါ်နေပါတယ်။
စစ်ရှောင်စခန်းတွေမှာရှိတဲ့ မရေမတွက်နိုင်တဲ့ မိခင်များအကြောင်း ထောက်ရှုကြည့်ပါ။ မိမိတို့ရဲ့ အိုးအိမ်များကိုစွန့်ခွါပြီး သားသမီးများကို ပွေ့ပိုက်ပြီး ဘာမှ မသိမမြင်ရတဲ့ ရက်စက်ကြမ်းကြုတ်တဲ့ တောနက်ကြီးထဲ ထွက်ပြေးကြရတဲ့ မိခင်တွေအများကြီးရှိပါတယ် … စစ်ရှောင်စခန်းတွေမှာရှိတဲ့ ကိုယ်ဝန်ဆောင်မိခင်တိုင်းရဲ့ အဖြစ်အနေမှာ သူမရဲ့ ရင်သွေးကို ကမ္ဘာလောကကြီးထဲ ဘေးကင်း လုံခြုံစွာ မွေးဖွါးပေးနိုင်ဖို့ ပူပင်သောကများစွာနဲ့ ဘက်သလင်ဟင်မြို့ကို ခရီးသွားနေတဲ မယ်တော်ရဲ့ မျက်နှာကို မြင်ယောင်နိုင်ပါတယ်။ တောကြီးမျက်မွဲထဲမှာ ကလေးမီးဖွါးကြရတဲ့ မိခင်တိုင်းရဲ့ အဖြစ်မှာ မယ်တော်ဟာ သူငယ်တော်ကို နိမ့်ကျတဲ့ နွားစားခွက်မှာ မွေးဖွါးပေးခဲ့တာ မြင်ယောင်နိုင်ပါတယ်။ ဒီမိခင်တွေရဲ့ ရဲစွမ်းသတ္တိနဲ့ ခံနိုင်စွမ်းရည်ဟာ ရှုတ်ထွေးမှုအများကြီးကြားထဲမှာ တည်ငြိမ်နေတဲ့ မယ် တော်ကို ရောင်ပြန်ဟပ်ပေါ်လွင်စေပါတယ်။ ဒီအဖြစ်အပျက်တွေက “ငြိမ်းချမ်းခြင်းဆိုတာ ကျွန်ုပ်တို့ ဘဝထဲမှာ ဆင်းရဲဒုက္ခတွေ ကင်းရှင်းခြင်းမဟုတ်ဘဲ၊ ဆင်းရဲဒုက္ခတွေထဲမှာ ဘုရားရှိနေခြင်း ဖြစ်တယ်” ဆိုတာ ကျွန်ုပ်တို့ကို သတိပေးနေပါတယ်။
Mary Mother of Reconciliation - ကျေအေးသင့်မြတ်ခြင်း၏မယ်တော် မာရီယာ
မယ်တော်ရဲ့ သက်တော်စဉ်တစ်လျှောက်လုံးဟာ ကျေးအေးသင့်မြတ်ခြင်း ဖြစ်ပါတယ်။ ဧလိဇ ဘက်ထံ သွားရောက်လည်ပတ်တဲ့အချိန် မယ်တော်နဲ့ ဧလိဇဘက်အကြားမှာရှိတဲ့ မတူညီခြင်းတွေဟာ အတူဝေမျှခဲ့တဲ့ ပျော်ရွှင်ခြင်းထဲမှာ ပျောက်ကွယ်သွားခဲ့တယ်။ ဧလိဇဘက်ဝမ်းတွင်းမှာရှိတဲ့ ယောဟန် ဘတ္တစ္စတားက ပျော်ရွှင်စွာ ခုန်မြူးခဲ့တယ်၊ မယ်တော်မာရီယာက ဘုရားသခင်ရဲ့ကတိတော်နဲ့ သနား ကြင်နာခြင်းကို ဖေါ်ကျူးတဲ့ မာညီဖီကတ် တေးသီချင်းကို ဆိုခဲ့တယ်။ သူတို့ရဲ့ တွေ့ဆုံမှုက ခွဲခြားခြင်း တွေကိုကျော်လွန်နိုင်တဲ့စွမ်းအား၊ ကျိုးပဲ့နေတဲ့ ပေါင်းသင်းဆက်ဆံရေးတွေကို ကုသပေးနိုင်တဲ့အစွမ်း၊ ယုံကြည်ခြင်းနဲ့ ချစ်ခြင်းမေတ္တာတို့ရဲ့ ပေါင်းစည်းနိုင်စွမ်းတွေကို ဖော်ဆောင်ပေးပါတယ်။
နိုင်ငံရေး၊ ဘာသာရေး၊ လူမျိုးရေးတွေနဲ့ တကွဲတပြားဖြစ်နေတဲ့ ကမ္ဘာကြီးထဲမှာ ပေါင်းကူးတံတား တည်ဆောက်သူတွေဖြစ်ဖို့ မယ်တော်မာရီယာက ကျွန်ုပ်တို့ကို ဖိတ်ခေါ်နေပါတယ်။ သူငယ်တော် ယေဇူးလေးရဲ့ အသက်ကို ကာကွယ်ဖို့ အီဂျစ်ပြည်ကို ထွက်ပြေးရတဲ့အချိန်မှာ မယ်တော်နဲ့ သံဇူဇယ်ဟာ တိုင်းတပါးမှာ ထွက်ပြေးခဲ့ကြရပါတယ်။ သူတို့ရဲ့ အဖြစ်က ယနေ့ ပဋိပက္ခတွေနဲ့ ညှဉ်းပန်း နှိပ်စက်ခြင်းတွေကြောင့် ထွက်ပြေးနေရတဲ့ မိသားစုတွေရဲ့အဖြစ်ကို မြင်သာစေပါတယ်။
မယ်တော်ရဲ့အတွေ့အကြုံတွေက ကျွန်ုပ်တို့ရဲ့ ရန်သူလို့ မှတ်ယူထားသူတွေနဲ့ ပြန်လည်ကျေအေး သင့်မြတ်ခြင်းရှိဖို့၊ အပယ်ခံတွေကို သနားကြင်နာခြင်း ပြသဖို့၊ ကွဲပြားနေတဲ့နေရာတွေမှာ စည်းလုံး ညီညွတ်ခြင်းကို ဖေါ်ဆောင်ဖို့ ဖိတ်ခေါ်နေပါတယ်။
Mary, Mother of Forgiveness - ခွင့်လွှတ်ခြင်း၏မယ်တော် မာရီယာ
ကားတိုင်ခြေရင်းမှာ သူမရဲ့ ချစ်လှစွာသောသားကို နာကြင်စွာ ယုတ်မာရက်စက်သတ်ဖြတ်တာကို မယ်တော် မြင်ခဲ့ရတယ်၊ နာကြင်မှုက မိခင်တစ်ယောက်ရဲ့ နှလုံးသားထဲကို နက်ရှိုင်းစွာထိုးဖေါက် ခဲ့တယ်။ ဒါပေမဲ့ ဒီနာကြင်မှုက မုန်းတီးခြင်း၊ စိတ်ပျက်ခြင်းအဖြစ် ပြောင်းလဲမသွားခဲ့ဘဲနဲ့ အခွင့် လွှတ်ခြင်းအဖြစ် ပြောင်းလဲနိုင်ခဲ့တယ်။ “သူတို့ ပြုသည့်အရာကို သူတို့မသိသောကြောင့် သူတို့ကို အခွင့်လွှတ်တော်မူပါ” ဆုတောင်းပေးခဲ့တဲ့ အခရစ်တော်လို မယ်တော်ဟာလည်း ခွင့်လွှတ်နိုင်ခဲ့တယ်။
အလွန်ခံစားရတဲ့ ကြီးမားတဲ့နာကြင်မှုတွေရှိနေပေမယ့် အခွင့်လွှတ်နိုင်စွမ်းတဲ့ မယ်တော်က အခွင့် လွှတ်ခြင်းဆိုတာ ဘုရားသခင်ဆန်သောလုပ်ဆောက်မှုတစ်ခုဖြစ်တယ်၊ အခွင့်လွှတ်ခြင်းဟာ အခွင့် လွှတ်သူနဲ့ အခွင့်လွှတ်ခံရသူနှစ်ဦးစလုံးကို လွတ်မြောက်မှုပေးတယ်ဆိုတာတွေကို သင်ကြားပေးပါ တယ်။
မိမိတို့ရဲ့သားသမီးတွေကို အကြမ်းဖက်မှုကြောင့် ဆုံးရှုံးသွားရတဲ့ မိခင်တိုင်းဟာ အသက်မဲ့တဲ့ သားတော်ရဲ့ကိုယ်ခန္ဓာကို ထွေးပွေ့ထားရတဲ့ မယ်တော်နဲ့အသွင်တူပါတယ်။ မယ်တော်လိုပဲ ဒီမိခင် တိုင်းဟာ ရှေ့ဆက်လျှောက်ဖို့ ခွန်အားတွေရှိနေကြတယ်၊ အခွင့်လွှတ်နိုင်ကြတယ်၊ ငြိမ်းချမ်းခြင်းနဲ့ ကျေအေးသင့်မြတ်ခြင်းရဲ့ ရှေ့နေရှေ့ရပ်တွေ ဖြစ်လာကြပါတယ်။
Universal Mother for All - လူအားလုံးတို့၏မိခင်
မယ်တော်အပေါ် သဒ္ဓါကြည်ညိုခြင်းက ဘာသာရေးကန့်သတ်ချက်များကိုလည်း ကျော်လွန်ပါတယ်။ မွတ်ဆလင်တွေရဲ့ကိုရမ်းကျမ်းမှာ မယ်တော်ကို မာရီယမ်လို့ နာမည်နဲ့ဖေါ်ပြပြီး ချီးမွမ်းထားတာကို တွေ့ရပါတယ်။ သူမဟာဖြူစင်သန့်ရှင်းပြီး ယုံကြည်ခြင်းခိုင်မာသူတစ်ဦး အဖြစ်ဖေါ်ကျူးထားပါတယ်။ သူမဟာ ဘုရားသခင်ရဲ့အလိုတော်ကို နာခံခြင်းအားဖြင့် ယေဇူးရဲ့ မယ်တော်ဖြစ်လာခြင်းအကြောင်း၊ စုံစမ်းခံရခြင်းများအကြောင်းနဲ့ ဘုရားသခင်ရဲ့ ထူးခြားသော ကျေးဇူးတော် ခံစားရခြင်းအကြောင်းတွေ ရေးသားထားပါတယ်။ မယ်တော်ကို တူညီသော ရိုသေခြင်းက ဘာသာများအကြား ညှိနှိုင်းဆွေးနွေး ခြင်းများကို လုပ်ဆောင်ရာမှာ လွယ်ကူစေပါတယ်။
A Beacon of Hope: မျှော်လင့်ခြင်း လင်းရောင်ခြည်
နှစ်စဉ်နှစ်တိုင်း လုဒ်မြို့မှာ စစ်ပြန်ကြီးများဟာ ငြိမ်းချမ်းရေးကိုကြေညာဖို့ တွေ့ဆုံပွဲ ပြုလုပ်လေ့ ရှိပါတယ်။ စစ်မှန်တဲ့ အခွင့်လွှတ်ခြင်းနဲ့ ကျေအေးခြင်းကို မြင်တွေ့ရတဲ့ အခမ်အနား တစ်ခုဖြစ် ပါတယ်။ တစ်ချိန်တုံးက သူသေကိုယ်သေ တိုက်ခိုက်ခဲ့ကြတဲ့ စစ်ပြန်တွေဟာ အခုတော့ အတူယှဉ်တွဲ ပြီး ငြိမ်းချမ်းရေးအတွက် အတူတကွ လုပ်ဆောင်လျက်ရှိကြပါတယ်။ ဒုတိယကမ္ဘာစစ်ပြီးစ ကာလ တွေမှာ စစ်ရဲ့ ဒဏ်ရာဒဏ်ချက်တွေကို ကုသ ပြင်သစ်နဲ့ ဂျာမဏီက စစ်ပြန်တွေဟာ လုဒ်မြို့မှာ တွေ့ဆုံခဲ့ကြပါတယ်။ သူတို့စတင်လုပ်ခဲ့တဲ့ တွေ့ဆုံပွဲဟာ ယခုတိုင်ဆက်လက်ပြုလုပ်နေဆဲ့ ဖြစ် ပါတယ်။ တစ်ဖက်နဲ့တစ်ဖက် အပြန်အလှန် သတ်ဖြတ်ခဲ့ကြသူတွေဟာ မယ်တော်ရဲ့ မေတ္တာကြောင့် ပြန်လည်ကျေအေးသင့်မြတ်ခဲ့ကြပြီး နှစ်စဉ်လုဒ်မြို့မှာ လာရောက်ကျင်းပကြပါတယ်။ ယခုဆို နိုင်ငံ ပေါင်း ၃၅ နိုင်ငံက လာရောက်ပါဝင်ကြပါတယ်။ မယ်တော်ရဲ့ကြားဝင်ဆုတောင်းပေးခြင်းက အနက်ရှိုင်းဆုံးသော ဒဏ်ရာဒဏ်ချက်တွေကို ကုသပေးနိုင်တယ်ဆိုတဲ့ အကောင်းဆုံးသော သက်သေ ဖြစ်ပါတယ်။ ဒီအဖြစ်ကို နမူနာယူပြီး မြန်မာနိုင်ငံရဲ့ ဘက်ပေါင်းစုံက လက်နက်နိုင်တွေဟာ ညောင်လေးပင် မယ်တော် ရှေ့မှာ ကျေအေးသင့်မြတ်ခြင်းအတွက် ဝိုင်းဝန်းဆုတောင်းပေးကြပါစို့.။ ဒီနေရာမှာ ရန်သူဖြစ်နေကြသူတွေ တစ်ဦးနဲ့တစ်ဦး ညီအစ်ကိုမောင်နှမတွေလို ပွေ့ဖက်ကြပြီး ငြိမ်းချမ်းခြင်းနဲ့ ကျေအေးခြင်းကို တည်ဆောက်နိုင်ကြပါစေ။
မြန်မာနိုင်ငံမှာ ကွဲပြားခြားနားနေသော စစ်ပွဲတွေအစား လူအားလုံး သာတူညီမျှနေထိုင်နိုင်တဲ့ စည်းလုံးခြင်းနဲ့ ငြိမ်းချမ်းပြန်လည်ရနိုင်ဖို့ ရည်မှန်းချက်ထားကြပါစို့။ ကျေအေးသင့်မြတ်ခြင်းနဲ့ ငြိမ်းချမ်းခြင်းရဲ့ မိခင်ဖြစ်သော မယ်တော်မာရီယာသည် ရေရှည်တည်သော ငြိမ်းချမ်းခြင်းရနိုင်ဖို့ ကျွန်ုပ်တို့အား လမ်းပြကူညီပါစေ။
A Call to Action - လှုပ်ရှားမှုအတွက် ဖိတ်ခေါ်ခြင်း
တခါတုန်းက ဥရောပတိုက်သား ဆရာတော်ကြီးတစ်ပါးက လုဒ်မှာရှိတဲ့ ဘုရားကျောင်းတော်ကြီးမှာ မစ္ဆားပူဇော်ရင်း တတိယကမ္ဘာစစ်ကြီး စတင်ဖြစ်ပွါးနေပြီလို့ ဟောခဲ့ပါတယ်။ သူဆိုလိုတဲ့ တတိယ ကမ္ဘာစစ်က ဆင်းရဲသားတွေခံစားနေရတဲ့စစ်၊ အာဏာရှိသူတွေက လူတွေကို နိုင်ထက်စီနင်း လုပ်နေတဲ့စစ်၊ ချမ်းသာတဲ့နိုင်ငံတွေက အိမ်မွေးတိရစ္ဆာန်တွေဟာ အကောင်းဆုံး အစာတွေ စားနေရ ချိန် ကမ္ဘာမှာ ထောင်ပေါင်းများစွားသော ကလေးငယ်တွေဟာ ငတ်မွတ်ခေါင်းပါးပြီး သေနေရတဲ့စစ်၊ စာသင်ကျောင်းတွေထက် လက်နက်ထုတ်လုပ်တဲ့ စက်ရုံတွေကပိုများနေတဲ့ စစ်ပွဲတွေဖြစ်ပါတယ်။ သူက ဆက်ပြီး ငြိမ်းချမ်းခြင်း၊ တရားမျှတခြင်း နဲ့ လူ့အခွင့်အရေးတွေကို ပိုပြီး အာရုံစိုက်ဖို့ ဖိတ်ခေါ်ရင်း ကျွန်ုပ်တို့အားလုံးကို “မျှော်လင့်ခြင်းရဲ့ သက်သေခံများ” ဖြစ်ဖို့ နှိုးဆော်ခဲ့ပါတယ်။ ဒီဖိတ်ခေါ်သံကို နာယူပြီး မယ်တော်မာရီယာထံမှ နမူနာယူကာ ငြိမ်းချမ်းရေးအတွက် ဝိုင်းဝန်းကြိုးပမ်းကြပါစို့။ ကွဲပြားမှုတို့နေရာ၌ ကျေအေးသင့်မြတ်ခြင်း၊ ထိခိုက်ပြစ်မှာခြင်းနေရာ၌ အခွင့်လွှတ်ခြင်းတို့ အစားထိုး ကြပါစို့။
Living Mary's Message - မယ်တော်၏သတင်းစကားအား နေထိုင်ခြင်း
ဒီနေ့မယ်တော့်ပွဲတော်ကျင်းပနေတဲ့အချိန်မှာ မယ်တော်က ကျွန်ုပ်တို့ကို ငြိမ်းချမ်းရေး တည်ဆောက်သူတွေ ဖြစ်စေချင်ပါတယ်။ ကျေအေးသင့်မြတ်ခြင်းအလင်းကို သယ်ဆောင်သူတွေ ဖြစ်ကြပါစို့။ မယ်တော့်ပွဲကျင်းပတဲ့ ဒီနေ့မှာ ကျွန်ုပ်တို့ အောက်ပါအချက်များကို ကတိပြုကြရအောင်
၁. ဆုတောင်းခြင်း၊ ထောက်ရှုခြင်း၊ ဘုရားသခင်အား ယုံကြည်အားကိုးခြင်းတို့ဖြင့် အတွင်းစိတ်၏ ငြိမ်းချမ်းခြင်းကိုပျိုးထောင်ကြရအောင်၊ မယ်တော်၏နမူနာကိုယူပြီးတည်ငြိမ်းမှုကို ရှာကပါစို။
၂. ကျေအေးသင့်မြတ်ခြင်း၏ တမန်တော်များအဖြစ် ကွဲပြားမှုကို ကုသနိုင်ဖို့ကြိုးစားကြမယ် အထူး သဖြင့် ကျွန်ုပ်တို့၏မိသားစုနဲ့ အသိုင်းအဝိုင်းအတွင်းမှာ၊ ကမ္ဘာမြေတစ်ဝှမ်းမှာ လုပ်ဆောင်ကြမည်။ သူတပါးကို နားထောင်ပေးပြီး ကိုယ်ချင်းစာတရားဖြင့်ရှင်သန်မည်။
၃. အခွင့်လွှတ်ခြင်းကို ကျင့်ကြံကြမည်။ အတိတ်ကနာကြည်းချက်များကို ဖြေလျှော့ကြမည်။ သူတပါးတို့ကို ခွင့်လွှတ်ပြီး သနားကြင်နာခြင်းတို့ ထွန်းကားလာအောင် ကြံဆောင်ကြမည်။
ဒီနေရာကနေ မထွက်ခွါခင်မှာ မယ်တော်ရဲ့ ပါရမီများကို နှလုံးသွင်းထောက်ရှုကြပါစို့ …
- စစ်ပြေးဒုက္ခသည်များကို ကူညီခြင်း - ဒုက္ခရောက်နေသူတွေရဲ့ စားဝတ်နေရေးအတွက် တတ်နိုင် သည့် နည်းလမ်းဖြင့်ကူညီကြပါစို့
- ဘာသာပေါင်းစုံ ချစ်ခင်စွာ ယှဉ်တွဲနေထိုင်ရေး ကြိုးပမ်းမည်။
- ငြိမ်းချမ်းခြင်းနှင့် တရားမျှတခြင်းအတွက် အမှုလုပ်ဆောင်ပေးပါ
အို လုဒ်မယ်တော်မာရီယာ မယ်တော်သည် မျှော်လင့်ခြင်းနှင့် ကုသခြင်းအတွက်
ဘယ်နဒက်အား ထင်ရှားပြခဲ့သည်။ မယ်တော်၏ သတင်းစကားကို
ကမ္ဘာလူသားအားလုံးတို့အား ဝေမျှနိုင်ရန် ကြားဝင် ဆုပန်ပေးတော်မူပါ။
ကျွန်ုပ်တို့ သည် မျှော်ငလင့် အလင်းတန်းများ၊ ဘုရားသခင်၏သနားကြင်နာခြင်းကို
မျှဝေသူများ ဖြစ်နိုင်ကြပါစေ။ အာမင်။
2025-02-13 20:25:42