Untitled Document
Untitled Document
Myanmar Catholic Church
CBCM
Untitled Document

မြန်မာနိုင်ငံလုံးဆိုင်ရာ ကက်သလစ် ဆရာတော်ကြီများ အဖွဲ့ချုပ် ဥက္ကဌ
ဂိုဏ်းအုပ်ဆရာတော်ကြီး ဖဲလစ် လျန်းခင်းထန် ၏ ၂၀၁၉ ခုနှစ် ခရစ္စမတ် သတင်းစကား

“မြေကြီးပေါ်၌ ငြိမ်းချမ်းခြင်း ရှိစေသတည်း” (Pacem In Terris)
၁။ မြေကြီးပေါ်၌ ငြိမ်းချမ်းခြင်း ရှိစေသတည်း။ Pacem In Terris (ရှင်လုကာ ၂း၁၄) ဤမင်္ဂလာစကားသည် ကောင်းကင်တမန်တော်များ၏ သတင်းစကားဖြစ်သည်။ ဘုရား သားတော် ဤလောကသို့ ဆင်းကြွလာတော်မူ၍ လူ့အဖြစ်ယူတော်မူကြောင်းကို ကြေငြာ ဟောပြောခြင်းသည် ဤလောက၌ ငြိမ်းချမ်းခြင်း နိုင်ငံတော်တည်ထောင်မည့် ငြိမ်းချမ်းခြင်း ဘုရင် ကြွရောက် တည်ရှိနေတော်မူပြီ ဖြစ်ကြောင်းကို ကြေငြာဟောပြောခြင်းပင်ဖြစ်သည်။ ထိုဘုရင် ၏နိုင်ငံတော်သည် ငြိမ်းချမ်းခြင်းနှင့်ပြည့်ဝ၍ နိစ္စအမြဲတည် လိမ့်မည်(ဟေရှာယ ၉း၆-၇) ဖြစ်သည်။ ဘုရား၏အုပ်စိုးခြင်း၊ ဘုရားဘုန်းတော်ဂုဏ်တော်၏လွှမ်းခြုံခြင်း၊ ဘုရား နှင့်အတူတည်ရှိခြင်း၊ ဘုရားနှင့်အတူ အသက်ရှင်ခြင်းသည် ငြိမ်းချမ်းခြင်းပင်ဖြစ်သည်။ ဘုရားသားတော် ဤလောကသို့ ဆင်းကြွလာတော်မူခြင်းမှာ လောကလူသားတို့အား “ငြိမ်းချမ်းခြင်းလမ်းစဉ်” ကို ဖော်ဆောင် ညွှန်ပြပေးတော်မူရန် ဖြစ်ပါသည် (ရှင်လုကာ ၁း၇၉)။ ဒါဝိဒ်မင်းကြီး ဆာငတ်တောင့်တခဲ့သော ဘက်သလေဟင်မြို့ရှိ ရေတွင်းမှ ထွက်သော စမ်းရေကြည်မှာ(ဒု-ဓမ္မရာဇဝင် ၂၃း၁၅)၊ ထိုမြို့၌ ဖွားမြင်ခြင်းခံတော် မူသော သခင်ယေဇူးထံတော်မှ ထွက်ပေါ်လာသော ငြိမ်းချမ်းခြင်းကိုရည်ညွှန်းသည်။ သခင်ယေဇူး အားဖြင့် “ငြိမ်းချမ်းခြင်း” သည် မြစ်ရေကဲ့သို့စီးဆင်းလာသောအခါ(ဟေရှာယ ၄၈း၁၈)၊ “ဖြောင့်မတ်ခြင်းတရားနှင့် ငြိမ်းချမ်းခြင်းတို့သည် အချင်းချင်းနမ်းကြလိမ့်မည် (ဆာလံကျမ်း ၈၅း၁၀) အမှန်ပင်ဖြစ်သည်။
၂။ ဘုရားသားတော်ဖြစ်ပါလျက်နှင့် ဆင်းရဲနုံချာစွာမွေးဖွားရခြင်း၊ နွားစားခွက်ထဲ၌ သိပ်ထား ခံရခြင်းစသော ဖြစ်ရပ်များက ငြိမ်းချမ်းခြင်းကို ချက်ချင်းဖော်ဆောင်နိုင်ခဲ့သည်တော့ မဟုတ်ပါ။  ညှင်းပန်းနှိပ်စက်ခြင်းနှင့် ဆင်းရဲဒုက္ခမျိုးစုံခံထမ်းလျက် လက်ဝါးကပ်တိုင်ပေါ်တွင် အသေခံကာ သုံးရက်မြောက်သောနေ့၌ ရှင်ပြန်ထမြောက်တော်မူခြင်းအားဖြင့် ဘုရား သားတော်သည် ငြိမ်းချမ်းခြင်းလမ်းစဉ်ကို ဖော်ဆောင်ညွှန်ပြ တော်မူခဲ့ရပေသည်။ ရှင်ပြန် တော်မူပြီးနောက် ထင်ရှားပြတော်မူ၍ သင်တို့၌ ငြိမ်းချမ်းခြင်းရှိပါစေဟု တပည့်တော်ကြီး တို့အား ပြည့်စုံကြွယ်ဝသော ငြိမ်းချမ်းခြင်း (ရှင်ယောဟန် ၂၀း၁၉) ကို ပေးတော်မူခဲ့သည့် သခင်ယေဇူးသည်။
    “ငြိမ်းချမ်းခြင်းအတွက် ကြိုးပမ်းဆောင်ရွက်သော သူတို့သည် မင်္ဂလာရှိကြ၏” (ရှင်မာ တေဦး ၅း၉) ဟု ကိုယ်တွေ့ တရားတော်ကို သွန်သင်တော်မူ၍ ဆန္ဒရှိရုံမျှဖြင့် ငြိမ်းချမ်းခြင်း ရုပ်လုံးဖော်ဆောင်နိုင်မည် မဟုတ်ကြောင်း ထင်ရှားစေတော်မူသည်။ ငြိမ်းချမ်းခြင်း ဆုလာဘ်သည် အမြင့်မြတ်ဆုံး သောဆုလာဘ်ဖြစ်သဖြင့် ထိုက်သင့်သော အဖိုးအခကို မဖြစ်မနေ ဦးစွာပေးဆပ်ခြင်း ဖြင့်သာ ဖော်ဆောင် ပိုင်ဆိုင်နိုင်မည်ဖြစ်သည်ဟူသော ငြိမ်းချမ်းခြင်းလမ်းစဉ်ကို သခင်ယေဇူးသည် မိမိဘဝအသက်တာဖြင့် ညွှန်ပြတော်မူသည်။ ဘုရားအဖြစ်တော်မှတပါး ဘုန်းစည်းစိမ်ခပ်သိမ်းကို စွန့်တော်မူသည်သာမက နိမ့်ညံ့သော လူ့ဇာတိကိုခံယူလျက် အစေခံကျွန်တစ်ဦးကဲ့သို့ အသက်ရှင်ကျင့် ကြံတော်မူခြင်း အား ဖြင့်လည်းကောင်း (ဖိလိပိ ၂း၆-၇)၊ လက်ဝါးကပ်တိုင်ပေါ်တွင် သွေးတော်သွန်း၍ အသက် တော်စွန့်ခြင်းအားဖြင့် ရန်လိုမုန်းတီးခြင်းဟူသမျှကို ချေဖျက်အဆုံးသတ်ကာ ဘုရားသခင် နှင့် လူတို့ကို ပြန်လည်သင့်မြတ်ပေါင်းစည်းစေခြင်းအားဖြင့်လည်းကောင်း (ဧဖက် ၂း၁၆)၊ ဘုရားနှင့်လူ၊ လူနှင့်လူအပြင် ဘဝကိုယ်စီ၌လည်း ငြိမ်းချမ်းခြင်းရှိရန် ဆောင်ရွက်တော်မူ ခဲ့သည်။ ထို့ကြောင့် သမ္မာကျမ်းစာက “ငြိမ်းချမ်းခြင်းကို လိုလားသော သူတို့သည် မင်္ဂလာရှိကြ၏” ဟုမဆိုဘဲ၊ “ငြိမ်းချမ်းခြင်း အတွက် ကြိုးပမ်းဆောင်ရွက်သော သူတို့သည် မင်္ဂလာရှိကြ၏” ဟု ဆိုခြင်းဖြစ်ပေသည်။
၃။ “ငြိမ်းချမ်းခြင်းအတွက် ကြိုးပမ်းဆောင်ရွက်သော သူတို့သည် မင်္ဂလာရှိကြ၏။ အကြောင်း မူကား သူတို့သည် ဘုရားသခင်၏သားများဟု အခေါ်ခံကြရလိမ့်မည်” (ရှင်မာတေးဦး ၅း၉)။ သားတော်ယေဇူးဘုရား လူ့ဇာတိခံယူတော်မူသည့် မင်္ဂလာအခါသမယဖြစ်သော ခရစ္စမတ်ပွဲတော်ကြီးကိုကျင်းပရန် နှစ်စဉ်နှစ်တိုင်း ကျွန်ုပ်တို့သည် ဝမ်းမြောက်ဝမ်းသာစွာ ပြင်ဆင်စောင့်မျှော်လေ့ရှိကြပေသည်။ ဘုရားသားတော်သည် မည်သည့်အတွက်နှင့် မည် သည့်အရာကို ဆောင်ရွက်ရန် လူ့ဇာတိကို ခံယူတော်မူခဲ့ပါသနည်း၊ ကျွန်ုပ်တို့သည် မည့်သည့်အတွက်ကြောင့် သားတော်ဘုရား၏ လူ့ဇာတိခံယူတော်မူခြင်းပွဲကို နှစ်စဉ်နှစ် တိုင်း ကျင်းပနေကြပါသနည်းဟူသော အမေးကို ဘုရားသခင်နှင့် လူတို့ကြား၌ ငြိမ်းချမ်း ခြင်း တည်ဆောက်ရန်နှင့် လူသားအားလုံး ငြိမ်းချမ်းခြင်းရရှိခံစားနိုင်ရန် ဘုရားသားတော် သည် ဤလောက လူ့အဖြစ်ကို ယူတော်မူခဲ့သော ကြောင့်ဖြစ်သည်ဟု ဖြေရမည်ဖြစ်ပါသည်။ “အကြောင်းမူကား၊ ငါတို့အဖို့ သူငယ်တော်ကို ဖွားမြင်၏။ ငါတို့အား သားကို ပေးသနား တော်မူ၏။ ထိုသူသည် အုပ်စိုးခြင်း အာဏာစက်ရှိလိမ့်မည်။ နာမတော်မူကား အံ့သြဖွယ်၊ တိုင်ပင်ဘက်၊ တန်ခိုးကြီးသောဘုရားသခင်၊ ထာဝရအဘ၊ ငြိမ်းသက်ခြင်းအရှင်ဟု ခေါ် ဝေါ် သမုတ်ခြင်းကို ခံတော်မူလိမ့်မည်” (ဟေရှာယ ၉း၆) ဟူသောဗျာဒိတ်တော်အတိုင်း ကျွန်ုပ်တို့၏ ငြိမ်းချမ်းခြင်းအတွက် ဘုရားသခင်ပေးသနားတော်မူသော သားတော်မှာ “သူငယ်တော်ယေဇူးလေး” ပင်ဖြစ်လေသည်။
၄။ မိမိတို့အပြစ်ကြောင့် ငြိမ်းချမ်းခြင်းမရှိ ရှက်ကြောက်စွာ ပုန်းအောင်းနေကြသော အာဒမ်နှင့်ဧဝတို့အား သားရေဖြင့် ပြုလုပ်သောဝတ်လုံကို ဝတ်ခြုံစေတော်မူခဲ့သော ဘုရား သခင်သည် (ကမ္ဘာဦးကျမ်း ၃း၂၀) မိမိ သားတော်အား လူ့ဇာတိကို ခံယူစေတော် မူခြင်းအားဖြင့် လောကသားတို့ကို အပြစ်၏ဝန်ထုပ်ဝန်ပိုးမှ ဖြေ လွှတ်ပေးတော်မူ၍ ငြိမ်း ချမ်းခြင်းရရှိစေတော်မူသည်။ လူ့အဖြစ်ယူတော်မူသော ထိုသားတော်၌ ဆည်းကပ် ယုံကြည်သူ ကျွနု်ပ်တို့သည် ထိုသားတော်အားဖြင့် “ငြိမ်းချမ်းခြင်းရှိသူများ” နှင့် “ငြိမ်း ချမ်းခြင်း ဖော်ဆောင်သူများ” ဖြစ်လာနိုင်ကြရန်အတွက် ဘုရားသခင်သည် ထိုသားတော်၏ သန့်ရှင်းသောဝိညာဉ်တော်ကို ကျွန်ုပ်တို့အထဲ၌ မှုတ်သွင်းပေးတော်မူ၍ ကျွန်ုပ်တို့အား “ဘုရား၏သားသမီးများ” ဖြစ်ရသောအခွင့်ကို လည်းကောင်း၊ ကျွန်ုပ်တို့သည် ထို သားတော် နှင့်အတူ ဘုရားသခင်ကို “အဗ္ဗ၊ အဖ”ဟု (ရောမ ၈း၁၅) ခေါ်ဆိုနိုင် သောအခွင့် ကျေးဇူးကို လည်းကောင်း ပေးသနားတော်မူသည်။ ဂျူးဒေးယပြည်၊ ဘက်သလဟင်မြို့၌၊ အပျိုကညာမာရိယာ၏ဝမ်းတော်မှ မွေးဖွားလာသော သူငယ်တော်ယေဇူး၊ ငြိမ်းချမ်းခြင်း ဘုရင်သည် မိမိ၏ ငြိမ်းချမ်းခြင်းလမ်းစဉ်တော်ကို မြို့ငယ်လေးတစ်မြို့၌ စတင်ဖော်ဆောင်ခဲ့ ကြောင်း(ရှင်မာတေးဦး ၂း၅-၆) နှင့်၊ ထို “ငြိမ်းချမ်းခြင်းလမ်းစဉ်” ဖော်ဆောင်ခြင်းအမှုသည် “ချစ်ခြင်းစားပွဲတော်” မှ စတင်ပေါက်ဖွားလာခဲ့ခြင်းဖြစ်ကြောင်းကို နွားစားခွက်ထဲ၌ သိပ်ထားခြင်းခံရသည့် သူငယ်တော်ယေဇူး၏ ဖြစ်ရပ်မှန်က ဖော်ကျူးထင်ရှားစေပါသည် (ရှင်လုကာ ၂း၇)။ သခင်ယေဇူး ဘက်သလေ ဟင်မြို့နွားစားခွက်ထဲ၌ အစပြုခဲ့သော ငြိမ်းချမ်းခြင်း ဖော်ဆောင်ခြင်း အမှုတော်သည် နောက်ဆုံးညစာစားပွဲ၌ တပည့်တော်ကြီး တို့၏ ခြေကိုဆေးတော်မူ ခြင်းနှင့် မိမိ၏ ကိုယ်ခန္ဓာတော်ကို ထိုစားပွဲတော်၌ ချစ်ခြင်း မေတ္တာအစာ (Agape) အဖြစ် အတူတကွပါဝင်သုံး ဆောင်ကြရန် အပ်နှံတော်မူခြင်း၌ ပြည့်ဝစုံလင်စွာ ပြီးမြောက်လာခဲ့ပါသည် (ရှင်ယောဟန် ၁၃း၁-၂၀)။
၅။ ယေဇူးသခင်၏ လူ့ဇာတိခံယူတော်မူခြင်းကို အောက်မေ့သတိရလျက် ငြိမ်းချမ်းခြင်း လက်တွေ့ဖော်ဆောင်ရေး၌ တက်ကြွစွာပါဝင်ဆောင်ရွက်ခြင်းအားဖြင့် ကျွန်ုပ်တို့သည် ဘုရား၏သား သမီးများဖြစ်ကြောင်း ကို အသစ်တစ်ဖန် ပေါ်လွင်ထင်ရှားစေကြရပါမည်။ ဘုရား၏သားသမီးများဖြစ်သော ကျွနု်ပ်တို့သည် ငြိမ်းချမ်းခြင်းကို လိုလားတောင့်တ နေသူများ သာမဟုတ်ဘဲ၊ ငြိမ်းချမ်းခြင်းကို လက်တွေ့ဖော်ဆောင်သူများနှင့် ငြိမ်းချမ်းခြင်း လမ်းစဉ်ကို အမှန်တကယ်လျှောက်လှမ်းနေသူများဖြစ်ကြရန် ဘုရားသခင် အလိုရှိတော် မူသည်။ ငြိမ်းချမ်းခြင်းဖော်ဆောင်ခြင်းကြောင့် မိမိဂုဏ်အရှိန်အဝါများ လက်လွတ် ဆုံးရှုံး သွားနိုင်ပါသည်။ မိမိဥစ္စာပစ္စည်းကို စတေးရနိုင်ပါသည်။ အများ၏ကဲ့ရဲ့မုန်းတီးခြင်း၊ နား လည်လွဲမှားခြင်း၊ အထင်အမြင်သေးခြင်း၊ မထီမဲ့မြင်ပြုခြင်း၊ ဖယ်ကျဉ်ခြင်းနှင့် လှောင် ပြောင်ခြင်းကို ခံရနိုင်ပါသည်။ သခင်ယေဇူးသည် ဘုရားနှင့်လူ၊ လူနှင့်လူငြိမ်းချမ်းစေရေး အတွက် ဒုက္ခမျက်ရည်အ သွယ်သွယ်နှင့် သွေးချွေးမြောက်များစွာကို ရင်းနှီး သွန်းလောင်း ခဲ့ရပါသည်။ ရက်စက်စွာအသေသတ်မည့် တိုင်းတစ်ပါးသားတို့၏လက်သို့ မိမိလူမျိုးကပင် အသနားမဲ့အပ်နှံသည်ကို ခံခဲ့ရပါသည်။ ငြိမ်းချမ်းခြင်းကို ဖော်ဆောင်ခြင်းကြောင့် နာကျင် ခံခက် ဒူးနှင့်မျက်ရည်သုတ်ရသူ၊ မိမိလူမျိုး၏ ရန်သူအလား မုန်းတီးကဲ့ရဲ့ရှုတ်ချခံရသူဖြစ်သွားနိုင်ပါသည်။ မည်သို့ပင်ဖြစ်စေကာမူ ငြိမ်းချမ်းခြင်းကို ဖော်ဆောင်သော ငြိမ်းချမ်းခြင်း ၏ တမန်တော်များဖြစ်ကြရန် သင်နှင့်ကျွန်ုပ်ကို သခင်ယေဇူးက အလိုရှိတော်ရှိ၍ ဖိတ် ခေါ်နေပါသည်။
၆။ ရွေးနှုတ်ကယ်တင်သောအရှင် သခင်ယေဇူးသည် လူ့ဇာတိဖြင့် မွေးဖွားသန့်စင်၍ ရွှေ လင်ပန်းနှင့်မဟုတ် နွားစားခွက်ဖြင့် အချင်းတော်ဆေးရသော ကနဦးအချိန်မှစ၍ ကာလ်ဝါ ရီတောင်ထိပ် လက်ဝါးကပ်တိုင်ပေါ်၌ အသေခံတော်မူသည့်အချိန်အထိ အပြစ် ခွင့်လွှတ် ခြင်း တရားနှင့် ချစ်ခြင်းမေတ္တာတရားအားဖြင့် ငြိမ်းချမ်းခြင်းကို ကျွနု်ပ်တို့အတွက် ဦးလည် မသုန် ဖော်ဆောင်တော်မူခြင်းအားဖြင့် သတင်းဆိုးမှသတင်းကောင်း၊ ကျိန်ဆဲခြင်းမှ ကောင်းချီးမင်္ဂလာ၊ ရန်လိုမုန်းတီးခြင်းမှ ချစ်ခင်ကြင်နာခြင်း၊ အာဃာတတရားမှ ငြိမ်း ချမ်းခြင်းတရားသို့ ကျွနု်ပ်တို့ကို ခြေဦးလှည့်စေတော်မူသည်။ သို့ပါ၍ ဤခရစ္စမတ်ကာလ အခါသမယ၌ ကယ်တင်ရှင် သခင် ယေဇူး ယူဆောင်လာတော်မူသော ငြိမ်းချမ်းခြင်းကို အမိမြန်မာနိုင်ငံတော်နှင့် တစ်ကမ္ဘာလုံးရှိ လူသားတိုင်း ရယူပိုင်ဆိုင်နိုင်ကြပြီး၊ မိမိတို့ မှီတင်းနေထိုင်ရာ ပတ်ဝန်းကျင်မြေကမ္ဘာ၊ နိုင်ငံတော်၊ ဒေသမြို့ရွာ၊ မိသားစုနှင့် တကွ အမိ သာသနာတော်အတွင်း၌ ငြိမ်းချမ်းခြင်းများ ဝေဆာစွာ ပွင့်လန်းစေသူများ ဖြစ်နိုင်ကြပါစေ။ သခင် ယေဇူးက မိမိတပည့်တော်ကြီးများအား “ငြိမ်းချမ်းသာယာခြင်းကို သင်တို့၌ ငါ ထားခဲ့၏။ ငါ၏ ငြိမ်းချမ်းခြင်း ကို သင်တို့အား ငါပေး၏။ ဤလောကပေးသကဲ့သို့ သင် တို့အား ငါပေးသည် မဟုတ်” (ရှင်ယောဟန် ၁၄း၂၇)ဟု မြွက်ကြားမိန့်မှာတော်မူခဲ့သည်ကို ကိုယ်စီရင်ဝယ်ပိုက်လျက်၊ လောကပေးသည့် ငြိမ်းချမ်းခြင်းနှင့် မတူသော၊ ယေဇူးဘုရား အမွေပေးသည့် စစ်မှန်သောငြိမ်းချမ်းခြင်းကို အခြားသူတို့အား ပြန်လည်ဝေမျှပေး နိုင်ရန်နှင့် ထိုငြိမ်းချမ်းခြင်းအားဖြင့် အခြားသူတို့နှင့် ပြန်လည်သင့်မြတ်ကျေအေးနိုင်ရန်အတွက် ဘုရားသား သမီးများပီပီ ငြိမ်းချမ်းခြင်းကို လက်တွေ့ဖော်ဆောင်သူများဖြစ်နိုင်ကြ ရန် ကျင့်ကြံကြိုးပမ်း အားထုတ်ကြပါစို့ ဟု တိုက်တွန်းရင်း နိဂုံးချုပ်လိုက်ပါသည်။
    သူငယ်တော်ယေဇူး၏ ခရစ္စမတ်ကောင်းကြီးမင်္ဂလာအဖြာဖြာသည် အဆွေတို့အားလုံး အပေါ်သို့ သက်ရောက်ပါစေ။ သင်နှင့်ကျွန်ုပ်အားဖြင့် ငြိမ်းချမ်းခြင်းသည် ဤကမ္ဘာမြေ၌ ဧကန်အမှန် သက်ရောက်နိုင်ပါစေ။
သာသနာပိုင် ဆရာတော် ဖဲလစ် လျန်ခင်းထန်
ကလေး ကက်သလစ် ဂိုဏ်းအုပ်သာသနာ - ကလေးမြို့
၂၀၁၉ ခုနှစ်ဒီဇင်ဘာလ ၅ ရက်


2020-01-04 04:01:19
NEWS AND EVENTS