Untitled Document
Untitled Document
Myanmar Catholic Church
CBCM
Untitled Document

ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ ကက်သလစ်ဆရာတော်ကြီးတစ်ပါး ကိုရိုနာရောဂါကူးစက်ခံရခြင်း

ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ ဂိုဏ်းချုပ်ဆရာတော်ကြီး Moses Costa အား ဇွန်လ၁၃-ရက်နေ့တွင် ဆေးရုံတင်လိုက်ရပြီးနောက် Covid-19 ကူးစက်ခံရပြီဖြစ်ကြောင်း အတည်ပြုလိုက်သည်။ ကက်သလစ်ဆရာတော်ကြီးများ၊ဘုန်းတော်ကြီးများကြားတွင် ပထမဆုံး ဤရောဂါကူးစက်ခံခြင်း ဖြစ်သည်။

အရေးပေါ်အခြေအနေရှိနေသော ဆရာတော်ကြီး Moses Costa အားပိုမိုကြပ်မတ်ကုသနိုင်မည့် Dhaka မြို့ဆေးရုံသို့ ရဟတ်ယာဉ်ဖြင့်ပို့ဆောင်ခဲ့သည်။

ထို့ကြောင့်ဆရာတော်ကြီးအတွက်အထူးဆုတောင်းပေးကြပါရန်နိုင်ငံမှရဟန်း၊သီလရှင်၊ဘာသာတူ များ နှင့် ဤသတင်းကိုကြားသိရသူ ကမ္ဘာတစ်ဝန်းရှိဘာသာဝင်များအား တိုက်ရိုက်ထုတ်လွှင့်သည့် မစ္ဆားတရားမှ တောင်းဆိုထားသည်။

ဆရာတော်ကြီး Moses ရောဂါကူးစက်ခံရသည့်သတင်းသည် ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ လူဦးရေ နည်းပါးလှသည့် ကက်သလစ်ဘာသာဝင်များအကြား တခဏခြင်းတွင်ပင် ပျံ့နှံ့သွားခဲ့ပြီး ဆရာတော်ကြီး အမြန် ပြန်လည် ကျန်းမာလာစေရန် ဝိုင်းဝန်း၍ ဆုတောင်း မေတ္တာများ ပေးပို့ကြသည်။

နိုင်ငံရှိ Bangladesh Catholic Students' Movement (BCSM)  အဖွဲ့အစည်းမှလည်း သီးသန့်ဆုတောင်း ပေးကြောင်းသတင်းပေးပို့ထားသည်။

သက်တော် ၆၉ နှစ်ရှိပြီဖြစ်သည် ဆရာတော်ကြီး Moses သည် Holy Cross အသင်းဂိုဏ်းဝင်တစ်ပါးဖြစ်ကာ နိုင်ငံ၏ ဆရာတော်ကြီးများအဖွဲ့ချုပ်ရုံး the Catholic Bishops’ Conference of Bangladesh (CBCB) ၏ အတွင်းရေးမှူးချုပ်တာဝန်နှင့် ကက်သလစ်ကျန်းမာရေးကော်မစ်ရှင်၏ဥက္ကဌတာဝန်များ ထမ်းဆောင် နေသူဖြစ်သည်။

ရဟန္တာဂျွန်ပေါ (၂) ၏လက်ထက်တွင်  ၁၉၉၆ ခုနှစ်တွင် သူ့အား Dinajpur သာသနာ၏ဆရာတော်ခန့်အပ်ခဲ့ကာ ၂၀၁၁ ခုနှစ်တွင် ရဟန်းမင်းကြီး ဘက်နဒစ် (၁၆)မှ ယခုလက်ရှိ သူတာဝန်ထမ်းဆောင်နေသည့် Chittagong သာသနာသို့ပြောင်းရွှေ့စေခဲ့သည်။ ၂၀၁၇ ခုနှစ်တွင် ရဟန်းမင်းကြီးဖရန်စစ်မှ သူ့အား ဂိုဏ်းချုပ်ဆရာတော်ကြီးအဖြစ်ခန့်အပ်ခဲ့သည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် Covid-19 ကြောင့်သေဆုံးခဲ့ရသူ ၁၂၆၂-ဦး၊ ကူးစက်ခံရသူ ကိုးသောင်း၊လေးထောင်နှင့် ပြန်လည်ကျန်းမာလာသူ မှာ ၅၃-ဦးရှိသည့်အခြေအနေတွင် ပြီးခဲ့သည့် သီတင်းပတ်အတွင်း၌ပင် ကက်သလစ်ဘာသာဝင်များ ကူးစက်ခံရမှုမှာ လူ ၃၀ ရှိ၍၊ ၅ ဦးသေဆုံး ခဲ့ပြီဖြစ်သည်။

နိုင်ငံ့အစိုးရမှ ရောဂါထိန်းချုပ်မှုဆိုင်ရာ လမ်းညွှန်မှုနှင့် မြို့များကို Lockdown မပြုလုပ်ခင် ကတည်း ကပင် ဤဆရာတော်ကြီး သည် ဘာသာတူများအတွက် လမ်းညွှန်ချက်များထုတ်ပေးကာ မတ်လ ၂၆-ရက်မှစ၍ လူထုမစ္ဆားတရားများကို ရပ်နားထားစေခဲ့သူဖြစ်သည့်အပြင် သာသနာဆိုင်ရာ ရုံးများတွင် အလုပ်လုပ်နေသော ဝန်ထမ်းများအားလုံးကို ရုံးမတက်ဘဲ မိမိတို့နေအိမ်မှ လုပ်နိုင်သမျှ လုပ်ကြရန် တရားဝင်ထုတ်ပြန်ထားပေးခဲ့သည်။

အစိုးရမှလည်း တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် မေလ ၃၁-ရက်ရောက်မှသာလျှင် ထိန်းချုပ်မှုများ အနည်းငယ် ဖြေလျှော့ပေးကာ လူထုမစ္ဆားဟော၊ စုဝေးဘုရားဝတ်ပြုခြင်းများ ခွင့်ပြုခဲ့သည်။

စီးပွါးရေးပြန်လည်ထူထောင်ရန်ရည်ရွယ်လျက် ပို့ဆောင်ရေးလုပ်ငန်း၊ ကျန်းမာရေးနှင့်နွယ်သည့် လုပ်ငန်း၊ အခြားဦးစားပေးသင့်သည့် လုပ်ငန်းအချို့ကို အတိုင်းအတာတစ်ခု ဖြင့်ပြန်လည် စတင် လုပ်ဆောင်ခွင့်ပြုလိုက်ရပြီဖြစ်သော်လည်း အရေးအကြီးဆုံးမှာ လူချင်းခွါ၍နေကြရန်ဖြစ်ကြောင်း ဆက်လက်နှိုးဆော်ထားသည်။စာသင်ကျောင်းနှင့် ပညာရေးဆိုင်ရာဌါနများကိုမူ ပိတ်ပင်ထားဆဲ ဖြစ်သည်။

မူရင်း-https://www.vaticannews.va/en/church/news/2020-06/bangladesh-archbishop-costa-covi19-hospitalized-critical.html?fbclid=IwAR3WsbgkwabxmWc-e3mhlpI-_38SDZvhRy10FWOjy1VfPtvXRlaLrYL7Edw

ဘာသာပြန်  OSC-CBCM (Myanmar)

 


2020-06-18 21:56:40
NEWS AND EVENTS