Untitled Document
Untitled Document
Myanmar Catholic Church
CBCM
Untitled Document

ဖျက်ဆီးခံရသော ၁၇-ရာစုက မယ်တော့်ဆင်းတုတော်ကို ပုံတူအသစ်ပြန်လည်ထုလုပ် ၍မူလ ရှေးဟောင်း Prague မြို့တွင်တည်ထားနိုင်ခြင်း

 

ရှေးဟောင်းမြို့ဖြစ်သည့် Prague မြို့ (ပရိတ်သူငယ်တော်ထင်ရှားရာမြို့)  တွင် သမိုင်းဝင် မယ်တော့်ဆင်းတုတော်ကြီးတစ်ဆူအား စင်မြင့်တိုင်ပလ္လင်ပေါ်တွင်တည်ထား ကြည်ညိုခဲ့ကြ သော်လည်း ထိုဆင်းတုတော်မှာ တစ်ချိန်က ဒေါသထွက်ရမ်းကားသော လူတစ်စုကြောင့်ဖျက်ဆီးခံ ခဲ့ရသည်။

ယခုမှာမူ ထိုဆင်းတုတော်အား ပြန်လည်တည်ဆောက်ကာ မူလတည်နေရာတွင်ပင် တင်မြှောက် ထားလိုက်နိုင်ပြီဖြစ်သည်။ ၎င်းဆင်းတုတော်ကို ၁၇-ရာစုက မူလပန်းပုပညာရှင်၏ လက်ရာပုံစံ အတိုင်း ပုံတူထုလုပ်ထားသည် ဖြစ်၍ ပြီးစီးရန်နှစ်ပေါင်း (၃၀)ခန့်ပင်ကြာမြင့်ခဲ့လေသည်။

ဤမယ်တော့်ဆင်းတုတော်ကို စင်မြင့်တိုင်ပလ္လင်သို့ပင့်တင်ခြင်းအခမ်းအနားတွင် မယ်တော့်          သီချင်းများသီကျူးခြင်း၊ မယ်တော့် ပလ္လင်တိုင်အရှေ့တွင်ရှိသည့်ခေါင်းလောင်းများပြိုင်တူထိုးခြင်း နှင့်ပါဝင်သူဘာသာဝင်များ၏ အားရဝမ်းမြောက်သောလက်ခုပ်ဩဘာသံတို့ဖြင့် သောသောညံကာ စည်ကားစွာပြုလုပ်ခဲ့သည်ဟု ဒေသခံ Karel Kavicka မှပြောကြားခဲ့သည်။ ကက်သလစ်ဘာသာဝင်တစ်ဦးဖြစ်သောKarel Kavicka သည် ဤသမိုင်းဝင်အမွေအနှစ်များ ထိန်းသိမ်းစောင့်ရှောက်ရေးနှင့်ပန်းချီပန်းပုပညာရှင်များအဖွဲ့ဝင်တစ်ဦး ဖြစ်ကာ ယခုမယ်တော့် ဆင်းတုတော်ကိုမူလလက်ရာအတိုင်းရရှိရန် ဆယ်စုနှစ်သုံးခုမျှပါဝင်ကြိုးစားခဲ့သူ ဖြစ်သည်သာမက မယ်တော့်ဆင်းတုတော်အား Prague မြို့ရှိ မူလနေရာပလ္လင်တိုင်ပေါ်ပြန်လည်တည်ထားနိုင်ရန် ဒေသအာဏာပိုင်များထံမှခွင့်ပြုချက်ကိုလည်းရအောင်တောင်းခံပေးခဲ့သူဖြစ်သည်။

“ကျွန်တော်တို့ ဒီမယ်တော့်ဆင်းတုတော်နဲ့ပလ္လင်တိုင်ကို ပြန်လည်ကျေအေးသင့်မြတ်ခြင်းရဲ့ အမှတ်လက္ခဏာ၊ မှတ်တိုင်အဖြစ် အသစ်တစ်ပြန်တည်ဆောက်နိုင်ဖို့ တောက်လျှောက်ကြိုးစား ခဲ့ကြတာပါ။  အမိမယ်တော်ထက်ပိုကောင်းတဲ့ ငြိမ်းချမ်းရေးအမှတ်လက္ခဏာ မရှိဘူးလေ” ဟု လည်း သူကဆိုသည်။

ထိုမယ်တော့်ဆင်းတုတော်နှင့် ပလ္လင်တိုင်တည်ဆောက်ရေးတွင် ခရစ်ယာန်ဂိုဏ်းကွဲများ၊ ဘာသာကွဲ များပင်လျှင်ပါဝင်ခဲ့ကြသည်၊ အကြောင်းမှာ ဤအရာသည် ရှေးဟောင်းPrague မြို့အတွက် သမိုင်းဝင်စေသည့် ရှေးဟောင်းအမွေအနှစ်အမှတ်အသားအဖြစ် ဖော်ဆောင်ပေးနေသောကြောင့် ဖြစ်သည်။

မူရင်း- https://www.catholicnewsagency.com/news/prague-catholics-rejoice-at-restoration-of-marian-statue-toppled-by-angry-mob-68986

ဘာသာပြန် - OSC-CBCM (Myanmar)


2020-06-22 02:50:18
NEWS AND EVENTS