Untitled Document
Untitled Document
Myanmar Catholic Church
CBCM
Untitled Document

ဂျာမဏီနိုင်ငံရှိ မကျန်းမာသောအစ်ကိုဖြစ်သူဆရာတော်အား သွားရောက်ကြည့်ရှုသည့် ပုပ်ဘေနဒစ် (၁၆) ရောမသို့ပြန်လည်ရောက်ရှိလာပြီ

သက်တော် ၉၃-နှစ်ရှိပြီဖြစ်သော ပုပ်ဘေနဒစ် (၁၆)သည် ဂျာမဏီတွင် သက်တော် ၉၆-နှစ်ရှိကာ ကျန်းမာရေး အားနည်းလာသည့် သူ၏အစ်ကို မွန်ဆီညော် Georg Ratzinger နှင့်သွားရောက်တွေ့ဆုံပြီးနောက် ၄-ရက်အကြာတွင် အစ်ကိုအားနှုတ်ဆက်ကာ ရောမသို့ပြန်လည်ထွက်ခွါလာခဲ့ပြီဖြစ်သည်။

ညီအစ်ကိုနှစ်ဦးအတွက် ဤတွေ့ဆုံခြင်းသည် လောကမြေပေါ်တွင်နောက်ဆုံး အကြိမ် လည်းဖြစ်နိုင်သည်ဟု ဂျာမဏီ Regensburg သာသနာ တွင်ခန့်မှန်းပြောဆိုနေကြသည်။ ဆရာတော်ကြီးကသူတို့ညီအစ်ကိုရဲ့ ချစ်ခင်မှုမျိုးက လူတိုင်းလိုချင်တမ်းတတတ်တဲ့ အရာပါပဲ။ အပြန်အလှန်ချစ်ခင်တယ်၊ ယုံကြည်မှုရှိတယ်၊သစ္စာရှိတယ်၊ စိတ်တူကိုယ်တူ ရှိတယ်၊ ကိုယ့်အတွက်ပဲမစဉ်းစားဘူး။ ဒီ Ratzingers ညီအစ်ကိုတွေမှာ တူညီစွာရှိကြ တာက သခင်ခရစ်တော်ဘုရားအပေါ်ကြီးမားတဲ့ယုံကြည်ခြင်း အသက်ရှင် နေထိုင် မှု ဖြစ် တယ်။

ပုပ်ဘေနဒစ် လာကြည့်တဲ့ ဒီတစ်ခေါက် မှာ ညီအစ်ကိုနှစ်ယောက် ၉ ကြိမ်တွေ့ဆုံဖြစ် ကြတယ်။ အချင်းချင်းတွေ့ဆုံမှုက သူတို့ကို ပျော်ရွှင်မှုနဲ့ အားသစ်ဖြစ်စေတာ သိသိ သာသာ ပါပဲ။ တွေ့ဆုံကြတိုင်း စကားများများမပြောကြပေမယ့် ရင်းနှီးတဲ့အမူအရာ ရှိကြတယ်။ မပြန်ခင်ဒီနေ့အထိ မစ္ဆားတရားကိုတော့ အိပ်ခန်းကျဉ်းကျဉ်းထဲက သူ့အစ်ကိုရဲ့ အိပ်ယာဘေးမှာ နေ့တိုင်းပူဇော်ကြတယ်။

 ပြီးခဲ့တဲ့ သောကြာ ယေဇူးရွှေနှလုံးတော်ပွဲနေ့မှာတော့ သူတို့နှစ်ဦးခြံရံပြီး ကျွန်ုပ်ကို ဦးဆောင်ဟောစေတယ်။မစ္ဆားတရားတော်ဟာသူတို့ခွန်အားယူရှင်သန်ဖို့အရင်းအမြစ်တစ်ခုဖြစ်တယ်ဆိုတာလုံးဝခံစားမိလိုက်ပါတယ်။

ပုပ်ဘေနဒစ်ရဲ့ဒီခရီးစဉ်ဟာ သူ့အတွက် မွေးရပ်မြေကိုနောက်ဆုံးလာရောက် နှုတ်ဆက် ခြင်းလည်းဖြစ်နိုင်ပါတယ်။ သူရင်းနှီးကြီးပြင်းနေထိုင်လာတဲ့ ဒီပတ်ဝန်းကျင်၊နေရာတွေ၊ လမ်းတွေ၊လူတွေ ကို ကားပြူတင်းပေါက်ကနေလှမ်းမြင်ရတဲ့အချိန်တွေမှာ သူ့အမူအရာ တွေ ပိုပြီးလှုပ်ရှားသွက်လက်လာတာတွေ့ရပါတယ်။ သူ့အတွက်ဒီခရီးဟာ ဘုရားဖူး ခရီးစဉ်လို့လည်းဆိုနိုင်မှာပါ။ ကာသီဒြယ်ကျောင်းပုရဝဏ်ထဲမှာတည်ထားတဲ့ ဒီ Regensburg သာသနာကိုမှိုင်းမသော ရဟန္တာ Wolfgang ရဲ့အရှေ့မှာ လစ်တာနီရွတ်၊ ကောင်းကင်ဘုံမေတ္တာ၊အာဝေမာရီယာ မေတ္တာနဲ့  Te Deum, the Salve Regina တွေရွတ်ဆိုပြီး ကျွန်ုပ်နဲ့အတူဆုတောင်းကြတယ်၊ ဒီသာသနာက ဘာသာတူတွေကိုကောင်းချီးပေးပေးပါလို့တောင်းခံတော့ ပုပ်က ချက်ခြင်း ပဲ လှမ်းပြီးကောင်းချီးပေးခဲ့ပါတယ်ဟု ထိုသာသနာ၏ဆရာတော်ကြီး Rudolf Voderholzer က သတင်းထောက်များအားပြောပြခဲ့သည်။

ပုပ်ဘေနဒစ်အားဂျာမဏီလေဆိပ်သို့ Regensburg သာသနာ၏ဆရာတော်ကြီး Rudolf Voderholzer နှင့်အခြားအရေးပါသောပုဂ္ဂိုလ်အချို့လိုက်ပါပို့ဆောင်ခဲ့သည်။ ဂျာမဏီ နိုင်ငံပိုင် သတင်းဌါနThe Süddeutsche Zeitung မှလည်း ပုပ်ဘေနဒစ်၏ ယခု အကြိမ် ဇာတိမြေသို့ အလည်အပတ်ကြွလာခြင်းမှာ ဝမ်းသာမှုနှင့်လွမ်းဆွတ်မှု ရောပြွမ်းသော ခရီးစဉ် ဖြစ်သည်ဟု ဖော်ပြထားသည်။

ယခင်က Joseph Aloisius Ratzinger (ခေါ်)ပုပ်ဘေနဒစ်(၁၆) အား ၁၉၂၇-ခုနှစ်တွင်ဂျာမဏီနိုင်ငံ Bavaria ၌မွေးဖွားခဲ့သည်။ မိသားစုထဲမှ ယခုနာမကျန်းဖြစ်နေသော အကြီးဆုံးအစ်ကို မွန်ဆီညော် Goerge Ratzinger တစ်ဦးတည်းသာ အသက်ရှင်လျက် ရှိတော့သည်။

 

ဂျာမဏီအတွက် ရဟန်းမင်းကြီးရုံးတော်၏ ကိုယ်စားလှယ်တော်ဖြစ်သည့် ဂိုဏ်းချုပ် ဆရာတော်ကြီး Nikola Eterović သည်လည်း Berlin မြို့မှတကူးတကကြွရောက်လျက် ပုပ်ဘေနဒစ်အား လာရောက်တွေ့ဆုံဂါရဝပြုခဲ့သည်။

ပုပ်ဘေနဒစ် သည် ၁၉၇၀ မှ ၁၉၇၇-ခုနှစ်ထိ Professor အဖြစ်တာဝန်ထမ်းဆောင်ခဲ့စဉ် သူနေထိုင်သော Pentling သို့လည်း ခေတ္တသွားရောက်ကာ ထိုနေရာရှိနေအိမ်နှင့် ဥယျာဉ်တွင် ၄၅-မိနစ်ခန့်အချိန်ယူ ခဲ့သည်။ မိသားစုဝင်များ၏ဓါတ်ပုံဟောင်း အချို့ကို ပြန်လည်တွေ့မြင်ရချိန်တွင် သူ၏စိတ် ထဲ၌ခံစားရမည်မှာမလွဲပေ။

ဤမွေးရပ်ဇာတိ Bavaria သို့ ပုပ်ဘေနဒစ်သည် နောက်ဆုံးအကြိမ်ရောက်ခဲ့သည်မှာ ၂၀၀၆-ခုနှစ် ရဟန်းမင်းကြီးခရီးစဉ်အဖြစ်လာရောက်စဉ်ကဖြစ်သည်။

ပုပ်ဘေနဒစ်သည် သူ့မိဘနှစ်ပါးနှင့်ညီမတို့အားမြှုတ်နှံထားသည့် Ziegetsdorf သင်္ချိုင်း အရောက်တွင်ခေတ္တရပ်နား၍ ဆုတောင်းလျက်ကောင်းချီးပေးခဲ့သည်။

ပြန်လည်သတိအမှတ်ရစရာများစွာဖြစ်စေခဲ့သောခရီးဟု သုံးသပ်ပေးကြသည့်အပြင် ညီအစ်ကိုနှစ်ဦးစလုံးအတွက် ခွန်အားရစရာခရီးစဉ်ဟုလည်းမြင်တွေ့ရသည်ဟုဆိုသည်။

ဤခရီးစဉ်သွားဖြစ်ရန် ရဟန်းမင်းကြီးဖရန်စစ်နှင့်တိုင်ပင်ပြီးနောက် အချိန်တိုအတွင်း အမြန်စီစဉ်လိုက်ခြင်းဖြစ်ကြောင်းသိရသည်။

မူရင်း-https://www.catholicnewsagency.com/news/benedict-xvi-returns-to-rome-after-visiting-ill-brother-in-germany-72851

Photo Credit: https://twitter.com/Markus_Soeder/status/1275018650232205313?fbclid=IwAR2IkdGqB9F2PHIw7C55BVu-B8N2hY_b2-EYH2HAg8XBL0x03xbx7PmeAIo

ဘာသာပြန် OSC-CBCM (Myanmar)


2020-06-24 06:51:56
NEWS AND EVENTS