Untitled Document
Untitled Document
Myanmar Catholic Church
CBCM
Untitled Document

ရဟန္တာ Maximilian Kolbe ညွှန်းသည့် သာသနာပြု

လက်နက် ဖြစ်သော မယ်တော်၏အံ့ဖွယ်ဆွဲပြား

*******************

“လူတစ်ယောက်ဟာ ဘယ်လောက်ဆိုးသွမ်းတဲ့သူမျိုးဖြစ်နေပါစေ မယ်တော်ပုံပါတဲ့ ဆွဲပြားကိုဆွဲဖို့လက်ခံတယ်ဆိုရင် သူ့ကိုပေးဆွဲလိုက်ပါ။ ပြီးရင်တစ်ချိန်ချိန်မှာ သန့်ရှင်း စင်ကြယ်သော မယ်တော်ထံရောက်လာနိုင်စေဖို့ သူ့အတွက်ဆုလည်း တောင်းပေး လိုက်ပါ။ ဒါဆိုရင် သူဟာ အခက်အခဲကြုံချိန်၊နှောင့်ယှက်မှုကြုံချိန်မျိုး တွေမှာ မယ်တော်ထံအားကိုးအားထားပြုဆုတောင်းလာကြပါလိမ့်မယ်။ နောက်ပြီး ဒါဟာ တကယ်ကို ဝိညာဉ်တွေကိုကယ်ဆယ်နိုင်တဲ့ ကောင်းကင်လက်နက် ဖြစ်ပါတယ်” လို့ ရဟန္တာ Maximilian Kolbe က မယ်တော်ရဲ့အံ့ဖွယ်ဆွဲပြားနဲ့ပတ်သက်ပြီး ပြောဖူး ပါတယ်။ ဒီတန်ခိုးပါတဲ့ ဆွဲပြားအားဖြင့် ကျေးဇူးတော်ရရှိနိုင်တယ်ဆိုတဲ့အကြောင်း ၁၈၃၀-ခု နှစ်၊ ပြင်သစ်ပြည်မှာ ရဟန္တာ Catherine Laboure ကို မယ်တော်က အပြစ်မဲ့ သန္ဓေယူသောမယ်တော်ပုံသဏ္ဍန်နဲ့ ရူပါရုံထင်ရှားပြပြီးသတင်းစကားပေးခဲ့ပြီးသားဖြစ် ပါတယ်။ “ငါ့ရဲ့အပြစ်မဲ့သန္ဓေယူတဲ့ ဒီပုံရိပ်အတိုင်း ဆွဲပြားပုံလုပ်ပါ၊ ဒါကိုလည်ပင်းမှာ ဆွဲထားသူတိုင်း ကြီးမားတဲ့ကျေးဇူးတွေခံစားရလိမ့်မယ် လို့မယ်တော်ပြောသံကြားရ တယ်” လို့ ရဟန္တာ Catherine ကပြန်ပြောခဲ့ပါတယ်။ ရဟန္တာ Maximilian Kolbe ကလည်း ဖရန်စစ်စကင် ရဟန်းလောင်းအနေနဲ့ ၁၉၁၇-ခု နှစ်တုန်းက ရောမမြို့မှာ ပညာသင်ကြားနေချိန် မယ်တော်ရဲ့အံ့ဖွယ်ဆွဲပြားကြောင့် ဘဝပြောင်းလဲလာခဲ့တဲ့ Alphonse Ratisbonne အကြောင်းဖတ်ရင်း သူ့စိတ်ထဲစွဲနေ ခဲ့ပါတယ်။ ဂျူးနွယ်ဖွားဖြစ်တဲ့ Alphonse Ratisbonne ဟာ ကက်သလစ်မိတ်ဆွေတစ်ဦးဆီက ဒီအံ့ဖွယ် ဆွဲပြားကိုလက်ဆောင်ရခဲ့ပြီး ဆွဲထားလိုက်တဲ့နောက်ပိုင်း ၁၈၄၂-ခုနှစ်၊ ဇန်နဝါရီလ ၂၀-ရက်နေ့မှာ Sant'Andrea delle Fratte ဘုရားကျောင်းထဲ သူ့ကို မယ်တော်သခင်မ ထင်ရှားပြခဲ့တယ်။ သူ့ဘဝလည်း လုံးဝပြောင်းလဲသွားခဲ့တယ်၊ ဂျေဆွဇ်ရဟန်းတစ်ပါး ဖြစ်လာခဲ့ပြီးနောက် ၁၈၅၅-ခုနှစ်မှာ ‘ဘုရားသခင်ဟာသူ့ရဲ့ တည်မြဲတဲ့မေတ္တာတော်ကို ဂျူးလူမျိုးများအတွက်ဆက်လက်ထားရှိနေပါတယ် ဆိုတဲ့ အကြောင်း အသင်းတော်ကြီး နဲ့ တစ်ကမ္ဘာလုံးဆီသို့ သက်သေခံဖို့’ ရည်ရွယ်ချက်နဲ့ Our Lady of Sion ဆိုတဲ့ သီလရှင်အသင်း ဂိုဏ်းကိုတည်ထောင်ခဲ့တယ် ဆိုတဲ့အကြောင်းတွေကို ဖတ်မိခဲ့တာပါ။ ရဟန္တာ Maximilian Kolbe ဟာ ရဟန်းသိက္ခာခံပြီး သာသနာပြုနေရင်းနဲ့ပဲ နာဇီတွေရဲ့အဖမ်းခံရပြီး အကျဉ်းစခန်း ရောက်သွားသူပါ။ တစ်ရက်မှာ သူတို့စခန်းက ထောင်သား တစ်ယောက်ထွက်ပြေးသွားတာကြောင့် ထုံးစံအတိုင်းကျန်တဲ့ထောင်သား ထဲက ၁၀-ယောက် အသတ်ခံရမှာဖြစ်တယ်။ အသတ်ခံစာရင်းထဲပါသွားတဲ့ အကျဉ်းသားတစ်ယောက်ဟာ ငိုကြွေးပြီး သူ့မှာ ဇနီးနဲ့ သားသမီးတွေရှိတာကြောင့် အသက်ချမ်းသာပေးဖို့ အပြင်းအထန်တောင်းပန်နေတာကိုတွေ့တော့ အဲဒီလူရဲ့ ကိုယ်စား အသေခံပေးခဲ့တဲ့ ရဟန္တာပါ။ သူ့ကို ၁၉၄၁-ခုနှစ် ဩဂုတ်လ ၁၄-ရက်နေ့၊ နာဇီအကျဉ်းခန်းထဲမှာပဲ ကာဘော်လစ်အက်စစ် ထိုးပြီး သတ်ခဲ့တယ်၊ နောက်ရက် ဩဂုတ် ၁၅-ရက် မယ်တော်သခင်မ မိုးကောင်းကင်ပင့်ဆောင်ခံရတဲ့ပွဲနေ့မှာ သူ့ရုပ်အလောင်းကိုမီးရှိုခဲ့ကြပါတယ်။ ဒါကြောင့်သူအသတ်ခံရတဲ့ ဩဂုတ်လ ၁၄-ရက်နေ့ကို ရဟန္တာ Maximilian Kolbe ရဲ့ပွဲနေ့အဖြစ် အသင်းတော်ကသတ်မှတ် ထားပေးတာပါ။ ၁၉၈၀-ခုနှစ်မှာ ရဟန္တာရဟန်းမင်းကြီးယောဟန်ပေါလူး(၂) ဟာ ပြင်သစ်နိုင်ငံ၊ ပဲရစ်မြို့က အံ့ဖွယ်ဆွဲပြားပေးတဲ့မယ်တော်ကိုအပ်နှံထားတဲ့ ဘုရားကျောင်းကို လာရောက်ခဲ့စဉ်က ရဟန္တာ Maximilian Kolbe သည်လည်း လွန်ခဲ့တဲ့ နှစ် ၁၅၀-ကျော်တုန်းက ဒီနေရာမှာ ရဟန်းသစ်အဖြစ်ပထမမစ္ဆားတရားဟောခဲ့တာ၊ ဂျပန် နိုင်ငံကို သာသနာပြုခရီးမထွက်ခင် လာဆုတောင်းခဲ့တာ၊ မယ်တော်တပ်သားလို့ ခံယူပြီး သာသနာချဲ့ထွင်ဖို့ထွက်ခွါခဲ့တာ၊နောက်ဆုံးသူ့အသက်ကိုတောင် လိုအပ်တဲ့ တစ်ပါးသူအတွက်စွန့်ခဲ့တာတွေကိုဆင်ခြင်သတိရမိရင်း ရဟန္တာရဟန်းမင်းကြီး ယောဟန် ပေါလူး(၂)ကလည်းပဲ ဆုတောင်းခဲ့ပါတယ်။ ရဟန္တာ Maximilian Kolbe က ‘မယ်တော်ထံမှ ယေဇူးရွှေနှလုံးတော်ဆီသို့’ ပို့ဆောင်ဖို့ရည်ရွယ်ပြီး မယ်တော့်တပ်သားအဖွဲ့ကို ၁၉၁၇-ခုနှစ်မှာဖွဲ့စည်းခဲ့ပါတယ်။ အဖွဲ့သားတိုင်းကိုလည်း မယ်တော်ထံမိမိတို့ကိုယ်ကို အပ်နှံတယ်ဆိုတဲ့အမှတ် လက္ခဏာအဖြစ် အံ့ဖွယ်ဆွဲပြားကို ကိုယ်စီဆွဲထားစေပါတယ်။ “လက်ရှိကာလမှာ အပြစ်မဲ့သန္ဓေယူသော မယ်တော်သခင်မဟာ လူသားတွေအတွက် အံ့ဖွယ်ဆွဲပြားကို ပေးလိုက်ပါပြီ။ ကောင်းကင်က ဆုကျေးဇူးတွေကိုဆောင်ကြဉ်း ပေးကာ အံ့ဖွယ်အဖြစ်အပျက်၊ အနာရောဂါပျောက်ခြင်းနဲ့ ဘဝပြောင်းလဲခြင်းတွေ မြောက်မြားစွာဖြစ်ပေါ်လာစေပါလိမ့်မယ်။ ဘုရားရှင်ကိုယ်တော်တိုင် မယ်တော့်ကို ကတိပေးခဲ့တဲ့အတိုင်း အမှန်ပဲ ဒီအံ့ဖွယ်ဆွဲပြားကို မိမိတို့ခန္ဓာကိုယ်မှာဆွဲထားသူ တွေဟာ ကျေးဇူးတွေခံစားရမှာဖြစ်ပါတယ်” လို့ ရဟန္တာ Maximilian Kolbe က ပြောထားတဲ့အပြင် ရဟန္တာကက်သရင်းရဲ့ ‘အို အပြစ်မဲ့သန္ဓေယူသောသခင်မ၊ သင့်ထံ ခိုလှုံသောသူတို့အဖို့ငှါ ဆုတောင်းပေးတော်မူပါ’ ဆိုတဲ့ဆုတောင်း မေတ္တာအပေါ်မှာ ထပ်ပြီး ‘မယ်တော့်ကို မသိ၊မခိုလှုံသောသူများ၊ အထူးသဖြင့် သာသနာတော်ကို ရန်ပြုနေသူများ အဖို့လည်းဆုတောင်းပေးတော်မူပါ။ အာမင်။’ လို့ထည့်သွင်း ဆုတောင်းဖို့ စီရင်ပေးခဲ့ပါတယ်။ မူရင်း-https://www.catholicnewsagency.com/news/the-miraculous-medal-st-maximilian-kolbes-weapon-for-evangelization-13436?fbclid=IwAR0H5Cwl3hhIWXcm2tcHKV7Llz7Ve0FMNctAyy5Kpn6Rhc_QMLlVznb6pjI ဘာသာပြန် OSC-CBCM (Myanmar)
Photo: Saint Maximilian Kolbe.
Credit: Nancy Bauer/Shutterstock.

2020-08-13 21:01:27
NEWS AND EVENTS