Untitled Document
Untitled Document
Myanmar Catholic Church
CBCM
Untitled Document

ကာဒီနယ်အသစ် (၁၃) ပါး ခန့်အပ်ကြောင်း ရဟန်းမင်းကြီးကြေညာ

ကက်သလစ်သာသနာတော်သည် ရဟန်းအမတ်ကာဒီနယ်အသစ် (၁၃) ပါးရရှိမည်ဖြစ်သည်။ ၎င်းတို့အနက် (၄) ပါးမှာ အသက် (၈၀) နှစ်အထက်ရှိပြီဖြစ်၍၊ (၉) ပါးမှာ အသက် (၈၀) နှစ်အောက်ဖြစ်ပြီး ၎င်းတို့သည် ရဟန်းမင်းကြီးအသစ်ရွေးချယ်ခြင်းဆိုင်ရာ အခမ်းအနားများ ကျင်းပသည့်အခါ ပါဝင်ခွင့်ရကြမည်ဖြစ်သည်။ ဤသတင်းကို အောက်တိုဘာလ (၂၅) ရက်၊ တနင်္ဂနွေနေ့၌ အန်ဂျေလူးမေတ္တာရွတ်ဆိုခြင်းအပြီးတွင် ရဟန်းမင်းကြီးဖရန်စစ်အရှင်သူမြတ်က စိန်ပီတာရင်ပြင်၌ရှိနေကြသူများနှင့် ကမ္ဘာတစ်ဝန်းလုံးကို ကြေညာပေးလိုက်သည့်အခါ ပရိတ်သတ်များ အံ့အားသင့်ခဲ့ကြရသည်။
ကာဒီနယ်အသစ်များထဲမှ (၂) ပါးမှာ ဗာတီကန်ရုံးတော်တွင် အမှုတော်ထမ်းဆောင်နေကြသော ဆရာတော် ကြီးများအစည်းအဝေးဖြစ်မြောက်ရေး၏ အထွေထွေအတွင်းရေးမှူးဖြစ်သူ မောလ်တီးစ်လူမျိုး ဆရာတော်မာရီးယိုဂရက်ခ်ျနှင့်၊ ယခင်က အာလ်ဘားနို၏ဆရာတော်အဖြစ်အမှုတော်ထမ်းဆောင်ခဲ့ပြီး ယခုတွင် ရဟန္တာတင်မြှောက်ခြင်းဆိုင်ရာရုံးတော်၏ တာဝန်ခံအသစ်ဖြစ်သူ အီတာလျံလူမျိုး ဆရာတော်မာချဲလိုစီမီရားရို တို့ဖြစ်ကြသည်။
ရဝန်ဒါနိုင်ငံမှ ကီဂါလီဂိုဏ်းချုပ်ဆရာတော် အန်တွိန်းကမ်ဘန်ဒါ (Antoine Kambanda)၊ အမေရိကားနိုင်ငံမှ ဝါရှင်တန်ဂိုဏ်းချုပ်ဆရာတော် ဝူလ်တန်ဂရေဂေါ်ရီ (Wilton Gregory)၊ ဖိလစ်ပိုင်နိုင်ငံမှ ကာပီးဇ်ဂိုဏ်းချုပ်ဆရာတော် ဂျိုးစ်ဖူရ်တဲအဒ်ဗင်းကူလာ (Jose Fuerte Advincula)၊ ချီလီနိုင်ငံမှ ဆန်တီအားဂိုဂိုဏ်းချုပ်ဆရာတော် ဆယ်လက်စ်တီးနိုအာအိုးစ်ဘရာဂို (Celestino Aós Braco)၊ ဘရူနိုင်းနိုင်ငံမှ ရဟန်းမင်းကြီးကိုယ်စားလှယ်တော် ကော်နေလီဦးစ်ဆင်မ် (Cornelius Sim)၊ အီတလီနိုင်ငံမှ ဆီအက်နာဂိုဏ်းချုပ်ဆရာတော် ဩဂတ်စ်တိုပေါင်းလိုလိုယူဒီးချေ (Augusto Paolo Lojudice) စသည့် ကမ္ဘာအရပ်ရပ်မှ (၆) ပါးနှင့်အတူ အစီစီမြို့မှ စိန်ဖရန်စစ်စကို ဘာစီလီကာဘုရားကျောင်းတော်ကြီး၏ကျောင်းအုပ် မောရိုဂမ်ဘက်တီ (Mauro Gambetti) တို့ကို ခန့်အပ်ခဲ့သည်။
အသက် (၈၀) နှစ်အထက်ရှိပြီဖြစ်သော ကာဒီနယ်ကြီး (၄) ပါးမှာ မက်ဆီကိုနိုင်ငံမှ စိန်ခရစ်စတိုဘယ်ဒေလားစ်ကာဆာစ် ဂိုဏ်းချုပ်ဆရာတော်ကြီး (ငြိမ်း) Felipe Arizmendi Esquivel ဂျနီဗာမြို့မှ ကမ္ဘာ့ကုလသမဂ္ဂအသင်း၏ permanent observer အဖြစ်နှင့် လူသားဖွံ့ဖြိုးမှုမြှင့်တင်ရေးဆိုင်ရာရုံး (ဗာတီကန်) ၌ တာဝန်ထမ်းဆောင်ခဲ့ပြီး ရဟန်းမင်းကြီး၏ ကိုယ်စားလှယ်တော်အဖြစ် အမှုတော်ထမ်းဆောင်ခဲ့သော ဂိုဏ်းချုပ်ဆရာတော်ကြီး Silvano Tomasi ရဟန်းမင်းကြီးရုံးတော်ရှိ ဝန်ထမ်းများ၏ဝိညာဉ်လမ်းညွှန်ဖြစ်သော ကပူချင်ဘုန်းတော်ကြီး Fr. Raniero Cantalamessa နှင့် ရောမမြို့ရှိ ဘုရားချစ်ခြင်း၏မယ်တော်ဘုရားကျောင်းတာဝန်ခံ Fr. Enrico Feroci တို့ဖြစ်သည်။
ကာဒီနယ်ကြီးများ အနီရောင်ဝတ်ရုံဆင်မြန်းရခြင်းမှာ စိန်ပီတာကိုဆက်ခံသည့်ရဟန်းမင်းကြီးအား အစေခံရာ၌ မိမိသည် ကမ္ဘာ့အဝေးဆုံးဒေသများ၌ရှိနေစေကာမူ ရဟန်းမင်းကြီးကဆရာတော်အဖြစ် အမှုတော်ထမ်းဆောင်လျက်ရှိသည့် ရောမမြို့တော်ရှိ စီရင်စု (parish) တစ်ခုကိုတာဝန်ယူရသော ဆရာတော်ဖြစ်လာပြီး၊ အသက်သွေးကိုသွန်းရမည်ဆိုလျှင်လည်း မိမိကိုယ်ကိုပူဇော်ရန် အဆင်သင့်ရှိကြောင်းကိုပြသည့် အမှတ်လက္ခဏာပင်ဖြစ်သည်။
Source: Image from Vatican News
https://www.vaticannews.va/en/pope/news/2020-10/pope-consistory-creation-13-new-cardinals-thirteen.html?fbclid=IwAR1lKgi6j6SneKB9gGdWCKWIu2xSzzTg1KyqbF2_-RMHk3zQ2oXe8jTLxRQ



2020-10-26 07:17:37
NEWS AND EVENTS