Untitled Document
Untitled Document
Myanmar Catholic Church
CBCM
Untitled Document

နိုဝင်ဘာ ၂၈ တွင် ကာဒီနယ်အဖြစ်ခန့်အပ်ရန်

ရွေးချယ်ခြင်းခံရသူများ၏ စိတ်လှုပ်ရှားတုံ့ပြန်မှု

Archbishop Antoine Kambanda
ရဝန်ဒါနိုင်ငံ၏ ပထမဆုံးသောကာဒီနယ်ဖြစ်လာသူ ဂိုဏ်းချုပ်ဆရာတော်ကြီး အန်တွိုင်းကမ်ဘန်ဒါက “ကျွန်ုပ်ကို ဖုန်းဆက်အကြောင်းကြားလာတဲ့ချိန်မှာ အင်မတန်အံ့ဩခဲ့ရပါတယ်၊ ရဟန်းမင်းကြီးကိုယ်တိုင် ကြေညာလိုက်မှပဲ ယုံနိုင်တော့တယ်။ ကာဒီနယ်တစ်ပါးဖြစ်လာဖို့ဆိုတာကို အိပ်မက်တောင်မမက်ဖူးပါဘူး။ စိန်ခေါ်မှုများစွာကို လောလောလတ်လတ်ရင်ဆိုင်နေရတဲ့ ကျွန်ုပ်တို့ရဲ့သာသနာတော်အတွက် ကျေးဇူးတော်တွေသွန်းလောင်းပေးနေတဲ့ဘုရားသခင်ကို ကျေးဇူးတင်တယ်။ အခုလိုခန့်အပ်ခံရခြင်းအတွက် ဝမ်းမြောက်မိသလို၊ ကျွန်ုပ်အတွက် ကြီးမားတဲ့တာဝန်တစ်ရပ်နဲ့ စိန်ခေါ်မှုတစ်ခုလည်းဖြစ်ပါတယ်။ ရက်စက်ကြမ်းကြုတ်တဲ့ ပဋိပက္ခတွေနဲ့ရင်ဆိုင်နေရသူတွေေ၊ လူ့အသိုင်းအဝိုင်းထဲကနေ စွန့်ပစ်ခံရသူတွေအတွက် ကျွန်ုပ်က ဘုရားသခင်ရဲ့သက်သေခံဖြစ်နိုင်ပါတယ်။ ကယ်တင်ခြင်းအကြောင်းကို လူတွေနားလည်နိုင်အောင်လို့ ကျွန်ုပ်တို့ အစွမ်းကုန်ကြိုးစားကြရမှာဖြစ်တယ်” ဟုဆိုသည်။
 
Archbishop Jose Advincula
ဖိလစ်ပိုင်နိုင်ငံမှ ကာပီးစ်ဂိုဏ်းချုပ်ဆရာတော်ကြီး ဂျိုးစ်အာဒ်ဗင်းကူလာက ဤသို့ခန့်အပ်ခံရမည်ဟု လုံးဝမျှော်လင့်မထားသောကြောင့် သတင်းကြားကြားချင်းတွင် မယုံနိုင်အောင်ဖြစ်ခဲ့ရကြောင်း၊ ပန်နေကျွန်းတွင် ဂျိုးစ်အမည်ဖြင့် နာမည်တူဆရာတော်ကြီး (၃) ပါးခန့်ရှိနေသည်ဖြစ်၍ နာမည်မှားပြီးကြေညာခြင်းသာဖြစ်မည်ဟုပင် ယူဆခဲ့ကြောင်း၊ ရဟန်းမင်းကြီးဖရန်စစ်အရှင်သူမြတ်မှ မိမိ၏အမည်ကိုဖတ်ကြားလိုက်သည့်အချိန်၌ ဝမ်းမြောက်ဝမ်းသာဖြစ်မိသော်လည်း ကြီးလေးသောတာဝန်တစ်ခုကို လက်ခံရရှိလိုက်ပြီဖြစ်၍ စိုးရိမ်စိတ်ရှိခဲ့ကြောင်းနှင့် ဤတာဝန်ကို ကောင်းမွန်စွာထမ်းဆောင်နိုင်ရန်အတွက် ဆုတောင်းပေးကြပါရန်တောင်းဆိုခဲ့သည်။
 
Archbishop Wilton Gregory
ချီကာဂိုဇာတိဖြစ်ပြီး ပထမဆုံးသော အာဖရိကန်-အမေရိကန်(ကပြား) ကာဒီနယ်ဖြစ်လာသူ ဂိုဏ်းချုပ်ဆရာတော်ကြီးဝီလ်တန်ဂရေဂေါ်ရီက ဗာတီကန်သတင်းနှင့်ပတ်သက်၍ “သခင်ခရစ်တော်ရဲ့ သာသနာတော်ကိုအစေခံရာမှာ သူနဲ့အနီးကပ်လက်တွဲအလုပ်လုပ်နိုင်ဖို့ အခုလိုခန့်အပ်ပေးတဲ့အတွက် ရဟန်းမင်းကြီးဖရန်စစ်ကို နှိမ့်ချသောစိတ်နှလုံးနဲ့အတူ အထူးကျေးဇူးတင်ပါတယ်” ဟု ရိုးရှင်းစွာပင် ဖွင့်ဟပြောပြခဲ့သည်။
 
Father Mauro Gambetti, OFM
ရသေ့ကျောင်းအုပ်ဘုန်းတော်ကြီးမောရိုဂမ်ဘက်တီက “သာသနာတော်ကိုနာခံတဲ့အနေနဲ့ သော်လည်းကောင်း၊ လူသားတွေအတွက် အမှုတော်ထမ်းဆောင်ခြင်းအတွက်သော်လည်းကောင်း၊ ကျွန်ုပ်တို့အားလုံးအတွက် ခက်ခဲနေတဲ့အခုလိုအချိန်မျိုးမှာ ဒီသတင်းကို ဝမ်းမြောက်ဝမ်းသာ လက်ခံပါတယ်။ ကျွန်ုပ်လျှောက်လှမ်းရမယ့်လမ်းစဉ်ကို စိန်ဖရန်စစ်ဆီအပ်နှံလိုက်ပါတယ်။ အခုလိုခန့်အပ်ခံရခြင်းဟာ ချစ်ခြင်းမေတ္တာနဲ့သနားဂရုဏာတွေကို ဘုရားသားသမီးတွေဖြစ်တဲ့ ညီအစ်ကိုမောင်နှမတွေဆီ ကျွန်ုပ်ဝေမျှပေးရမယ့် ဘုရားပေးလက်ဆောင်ဖြစ်ပါတယ်” ဟုဆိုသည်။
 
Archbishop Silvano Tomasi
ဂိုဏ်းချုပ်ဆရာတော်ကြီးဆီလ်ဗားနိုတိုမားဆီက “ကျွန်ုပ်တကယ်ကိုအံ့ဩသွားတယ်၊ ကျွန်ု်ပကို သတိတရရှိတဲ့အတွက်လည်း ရဟန်းမင်းကြီးဖရန်စစ်ကို အထူးကျေးဇူးတင်တယ်။ အခုလိုခန့်အပ်ခြင်းက ကျွန်ုပ်ကိုသာမက အသင်းဂိုဏ်းတစ်ခုလုံးကို လေးစားဂုဏ်ပြုခြင်းဖြစ်သလို ကျွန်ုပ်ရဲ့ သံတမန်ရေးရာအစေခံမှုကိုလည်း အသိအမှတ်ပြုလိုက်ခြင်းဖြစ်တယ်။ ဒါဟာ ရဟန်းမင်းကြီးအတွက်ရော သာသနာတော်အတွက်ပါ ဒီထက်ပိုပြီးဆက်ကပ်အစေခံဖို့အတွက် တောင်းဆိုလိုက်တာပဲလို့ ကျွန်ုပ်ထင်ပါတယ်” ဟူ၍ မှတ်ချက်ချသည်။
 
Monsignore Enrico Feroci
မွန်ဆီညော်အဲင်ရီးကိုဖယ်ရိုးစီက “ကျွန်ုပ် မစ္ဆားဟောဖို့ပြင်နေတုန်းမှာ ဂုဏ်ယူပါတယ်ဆိုပြီး နှုတ်ဆက်ကြတယ်၊ သူတို့ဘာကိုဆိုလိုမှန်း နားမလည်ခဲ့ဘူး။ ရဟန်းမင်းကြီးက ရောမမြို့ကရဟန်းတော်တွေဆီကို ကြေညာထားတာ၊ ကျွန်ုပ်ကိုတိုက်ရိုက်ပြောတာမဟုတ်ဘူးဆိုတော့ ချက်ချင်းမသိလိုက်ဘူး။ ရဟန်းတော်ဆိုတာ သခင်ခရစ်တော်ရဲ့ခန္ဓာတော်ဖြစ်တဲ့လူသားတွေကို ထိတွေ့ဆက်သွယ်နိုင်ဖို့အတွက် ဆရာတော်ကိုလက်တွဲကူညီပေးရသူဖြစ်တယ်။ ဒါကြောင့် ရဟန်းမင်းကြီးဖရန်စစ်က ရဟန်းတော်တွေအများကြီးကို ကျေးဇူးတင်အသိအမှတ်ပြုချင်ခဲ့တာပါ။ ကျွန်ုပ်အနေနဲ့ ရဟန်းမင်းကြီးကို မကြာမီအချိန်အတွင်း ကျေးဇူးတင်စကားပြောဖြစ်မယ်လို့ မျှော်လင့်ပါတယ်” ဟူ၍ ဝမ်းသာစကားဆိုခဲ့သည်။

2020-11-07 22:01:56
NEWS AND EVENTS