Untitled Document
Untitled Document
Myanmar Catholic Church
CBCM
Untitled Document

ကာဒီနယ်အသစ်ခန့်ခြင်းအခမ်းအနားအစီအစဉ်ကို

ဗာတီကန်မှအသေးစိတ်ရှင်းလင်းပြောကြားခြင်း

ရဟန်းမင်းကြီးဖရန်စစ်အရှင်သူမြတ်ကကြေညာခဲ့သည့်အတိုင်း ကာဒီနယ်အသစ် (၁၃) ပါး ခန့်အပ်ခြင်းပွဲကို (၂၀၂၀) ပြည့်နှစ်၊ နိုဝင်ဘာ (၂၈) ရက်၊ စနေနေ့ညနေ (၄) နာရီတွင် ကျင်းပသွားမည်ဖြစ်ကြောင်း ရဟန်းမင်းကြီးဆိုင်ရာစာနယ်ဇင်းရုံး၏ ညွှန်ကြားရေးမှူး မာတေယိုဘရူးနီမှ အတည်ပြုပြောကြားခဲ့သည်။
၎င်းပွဲတော်သို့ ဘရူနိုင်းနိုင်ငံမှ ရဟန်းမင်းကြီးကိုယ်စားလှယ်တော် ဆရာတော်ကြီးကော်လီနေဦးဆင်မ်နှင့် ဖိလစ်ပိုင်နိုင်ငံမှ ကာပီးစ်ဂိုဏ်းချုပ်ဆရာတော်ကြီး ဂျိုးစ်အဒ်ဗင်းကူလာတို့သည် လက်ရှိဖြစ်ပွားနေသော ကပ်ရောဂါအခြေအနေအရ တက်ရောက်ပါဝင်နိုင်မည်မဟုတ်ကြောင်း၊ ရဟန်းမင်းကြီးကိုယ်စားပြု(တစ်ဦး)မှ ဦးထုပ်၊ လက်စွပ်နှင့် ခန့်အပ်စာကို သူတို့အားအပ်နှင်းလိမ့်မည်ဖြစ်ကြောင်း ရှင်းလင်းပြောကြားသွားခဲ့သည်။
ဗာတီကန်ပြောရေးဆိုခွင့်ရှိသူက “အခြေအနေအမျိုးမျိုးကြောင့် ရောမမြို့ကိုမလာနိုင်တဲ့ ကာဒီနယ်တွေက ဒီဂျစ်တယ်နည်းပညာအားဖြင့် ဗာတီကန်ဘာစီလီကာနဲ့ဆက်သွယ်ပြီး အဝေးကနေပဲ ပါဝင်ဆုတောင်းကြမှာဖြစ်ပါတယ်” ဟု ဆိုသည်။
အစီအစဉ်များကို အောက်ပါအတိုင်းကျင်းပကြမည်ဖြစ်သည်။
နိုဝင်ဘာ (၂၈) ရက်၊ စနေနေ့၊ ညနေ (၄) နာရီတွင် ရဟန်းမင်းကြီးဖရန်စစ်အရှင်သူမြတ်သည် ဗာတီကန်ဘာစီလီကာတွင် ကာဒီနယ်အသစ်ခန့်အပ်ခြင်းမစ္ဆားတရားတော်ကို ပူဇော်မည်ဖြစ်ပြီး၊ ကာဒီနယ်အသစ်များကို လက်စွပ်နှင့် တာဝန်ခန့်အပ်ခြင်းကို အခမ်းအနားဖြင့် ပေးအပ်သွားမည်ဖြစ်သည်။
“COVID-19 ရောဂါကူးစက်မှုအခြေအနေများကြောင့် ပုံမှန်ပြုလုပ်နေကျအတိုင်းမဟုတ်ဘဲ အခမ်းအနားသို့တက်ရောက်ပါဝင်ကြမည့် ဆရာတော်များ၊ ရဟန်းတော်များ၊ သစ္စာသုံးပါးခံ သူတော်စင်များနှင့် ဘာသာဝင်များကို လူဦးရေကန့်သတ်မည်ဖြစ်ကြောင်း၊ ကာဒီနယ်အသစ်များနှင့် အတူလိုက်ပါမည့်သူများအတွက်သာ ရဟန်းမင်းရုံးတော်မှ လက်မှတ်များထုတ်ပေးဖြစ်ကြောင်း ပြောကြားခဲ့သည်။
အခမ်းအနားကျင်းပသည့်အခါတွင် ရဟန်းမင်းကြီး၏ထိုင်ခုံကို မစ္ဆားပလ္လင်ရှေ့တွင်နေရာချထားပြီး၊ ကာဒီနယ်အသစ်များကို မစ္ဆားပလ္လင်တော်၏ဘေးနှစ်ဖက်၊ ရဟန်းမင်းကြီးအရှင်သူမြတ်၏ ညာဘက်နှင့် ဘယ်ဘက်တွင် နေရာချထားပေးမည်။ ဘာသာဝင် (၁၀၀) ခန့်သည် မစ္ဆားတရားတော်တွင် ပါဝင်ကြမည့်ကာဒီနယ်(အဟောင်း)များ၏ နောက်ဘက်တွင် နေရာယူကြလိမ့်မည်။ ရဟန်းမင်းကြီးမှ ကာဒီနယ်အသစ်များကိုအပ်နှင်းထားသော ဘုရားကျောင်းများမှ ကျောင်းထိုင်ဘုန်းတော်ကြီးများနှင့် ကျောင်းအုပ်ဘုန်းတော်ကြီးများလည်း ပွဲတော်သို့ တက်ရောက်လာကြမည်ဖြစ်သည်။
ကာဒီနယ်အသစ်များသည် ၎င်းတို့၏အတွင်းရေးမှူးများအပါအဝင် အခမ်းအနားမှူးနှင့်အတူ စိန့်ဂျိုးဇက်ဘုရားကျောင်းဆောင်ဘေးတစ်လျှောက်မှ စီတန်းဝင်ရောက်လာကြမည်ဖြစ်သည်။ အခမ်းအနားအစတွင် ကာဒီနယ် Mario Grech က ရဟန်းမင်းကြီးအရှင်သူမြတ်ကို ဦးစွာနှုတ်ဆက် လိမ့်မည်။
လက်စွပ်အပ်နှင်းခြင်းနှင့် တာဝန်ခန့်အပ်ခြင်းကိုလက်ခံရန်အတွက် ကာဒီနယ်အသစ်များသည် ရဟန်းမင်းကြီး၏ရှေ့မှောက်ရောက်အောင် မစ္ဆားပလ္လင်ကိုကြည့်လျက် ဘယ်ဘက်မှညာဘက်သို့ လျှောက်လာကြရမည်။ ခန့်အပ်ခြင်းဝိနည်းကိုရွတ်ဖတ်ပြီးသည့်နောက် ကာဒီနယ်အသစ်များသည် မိမိတို့နေရာအသီးသီးသို့ ပြန်သွားကြမည်။
ငြိမ်းချမ်းခြင်းအမှတ်လက္ခဏာအဖြစ် အချင်းချင်းပွေ့ဖက်နှုတ်ဆက်ခြင်းကို ချန်လှပ်ထားမည်ဖြစ်သည်။
အခမ်းအနားအပြီးတွင် ရဟန်းမင်းကြီးအရှင်သူမြတ်သည် ကာဒီနယ်အသစ်များ၊ ၎င်းတို့၏ အတွင်းရေးမှူးများနှင့်အတူ စိန့်ဂျိုးဇက်ဘုရားကျောင်းဆောင်ကိုဖြတ်၍ sacristy အခန်းသို့ ပြန်ဝင်သွားကြမည်ဖြစ်သည်။
နိုဝင်ဘာလ (၂၉) ရက်၊ တနင်္ဂနွေနေ့၊ နံနက် (၁ဝး၀၀) နာရီတွင် ရဟန်းမင်းကြီးဖရန်စစ် အရှင်သူမြတ်သည် ဗာတီကန်ဘာစီလီကာတွင် ကာဒီနယ်အသစ်များနှင့်အတူ မစ္ဆားတရားတော်ပူဇော်သွားမည်ဖြစ်သည်။
Source: Zenit.org
Image: Vatican media

2020-11-25 01:16:42
NEWS AND EVENTS