Untitled Document
Untitled Document
Myanmar Catholic Church
CBCM
Untitled Document

ဒီဇင်ဘာလ ၅ ရက်နေ့က ရဟန်းသိက္ခာခံယူခဲ့သော

ဖာသာရ် ဆီမေအုံအန်ထော်နီ ၏ ခေါ်တော်မူခြင်း

 

ကျွန်တော်ကတော့ မဲလ်ဘုန်းဂိုဏ်းချုပ်သာသနာက ဦးပဉ္ဇင်း ဆီမေအုံအန်ထော်နီဖြစ်ပါတယ်။  ကျွန်တော်က မြန်မာနိုင်ငံ၊ ရန်ကုန်မြို့မှာ မွေးဖွားကြီးပြင်းခဲ့ပါတယ်။ မွေးချင်းလေးဦးထဲက ဒုတိယမြောက်ဖြစ်ပြီးတော့ အစ်မတစ်ယောက်နဲ့ ညီမလေးနှစ်ယောက်ရှိပါတယ်။ မိသားစုဝင်အများစုက မွေးရပ်မြေမှာပဲနေထိုင်ကြပါတယ်။

ကျွန်တော့်ကိုယ်ကို မကြာခဏမေးလေ့ရှိတဲ့မေးခွန်းတစ်ခုရှိတယ်။ ရဟန်းဘဝကို ခေါ်တော်မူခြင်း ခံရတယ်ဆိုတာကို ဘယ်လိုသိခဲ့တာလဲ?  တကယ်တော့ ကျွန်တော့ဘဝရဲ့ ငယ်စဉ်ကတည်းက ပုံသွင်းပေးခဲ့တဲ့လွှမ်းမိုးမှုကနေ စတင်ခဲ့တာပါ။ ကျွန်တော့်ရဲ့အဖိုးအဖွားနဲ့မိဘတွေဆီက လက်ဆင့်ကမ်းပေးတဲ့ ခိုင်မာတဲ့ယုံကြည်ခြင်းအမွေက ကျွန်တော့်ရဲ့နှလုံးသားထဲမှာ ကျောက်ဆူးချထားသလိုမျိုး အမြစ်တွယ်နေခဲ့တာပါ။ ကျွန်တော်တို့မိသားစုဟာ အိမ်ကဘုရားစင်ရှေ့မှာ စိပ်ပုတီးစိပ်ဆုတောင်းလေ့ရှိတယ်။ ယောက်ျားလေးပီပီ ဆုတောင်းတဲ့အခါ ဦးဆောင်ရတာကြိုက်တယ်၊ မယ်တော်သီချင်းတွေဆိုတယ်၊  ဘုရားကျောင်းသွားပြီး မစ္ဆားတရားတော်နာယူတယ်။ ဒါတွေက ကျွန်တော့်ရဲ့ ယုံကြည်ခြင်းအုတ်မြစ် တွေပဲဖြစ်ပါတယ်။

ဒုတိယအကြီးမားဆုံးလွှမ်းမိုးတာကတော့ သူတစ်ပါးကို ရက်ရက်ရောရောအစေခံတတ်ကြတဲ့   ကျောင်းထိုင်ဘုန်းတော်ကြီးတွေနဲ့ သီလရှင်တွေရဲ့ဘဝပါ။ သူတို့ကိုတွေ့မြင်ရခြင်းအားဖြင့် ဘုရားသခင်က သူဖန်ဆင်းထားတဲ့လူသားတွေကို ဂရုစိုက်ဖို့၊ ချစ်ဖို့နဲ့ အစေခံဖို့အတွက် ကျွန်တော့်ကိုလည်းခေါ်နေတယ်ဆိုတာကို စတင်ခံစားလာရတယ်။  ကျွန်တော့်ဘဝကိုလွှမ်းမိုးလိုက်တဲ့ နေ့ထူးနေ့မြတ်လေးရှိခဲ့ပါတယ်အဲ့ဒါကတော့ ကျွန်တော့်ဦးလေး ရဟန်းသိက္ခာတင်တဲ့နေ့ပါပဲ။ အဲ့ဒီတုန်းကခံစားချက်ကိုတော့ ပြောမပြတတ်ဘူး။ ကျွန်တော့်အသက် (၁၁) နှစ်ပဲရှိသေးတယ်။ အဲဒီအချိန်ကစပြီး တနဂ်နွေနေ့မှာ မစ္ဆားတရားနာယူပြီးတိုင်းပဲ “ကိုယ်တော်၏အလိုတော်ကို ကျွန်ုပ်အား ပြတော်မူပါ” ဆိုပြီး ဆုတောင်းခဲ့တယ်။

ဘုရားသခင်ရဲ့ခေါ်တော်မူခြင်းကိုတုံ့ပြန်ရင်း ကျွန်တော့်ရဲ့ခေါ်တော်မူခြင်းဘဝကို လေးလေးနက်နက် သုံးသပ်နိုင်ဖို့အတွက် မြန်မာပြည်က ကက်သလစ်ရဟန်းဖြစ်သင်ကျောင်းကို ဝင်ရောက်ခဲ့ပါတယ်။   ဒဿနိကဗေဒကိုသင်ယူနေတုန်းမှာပဲ   မဲလ်ဘုန်းဂိုဏ်းချုပ်သာသနာမှာ အစေခံဖို့ ဖိတ်ခေါ်ခြင်းခံခဲ့ပါတယ်။ ဘုရားသခင်ပြင်ဆင်ပေးထားတာက ကျွန်တော့်အတွက် အရမ်းကိုနက်နဲပါတယ်၊ ဒါပေမဲ့ သခင်ခရစ်တော်က ကျွန်တော့်ကို ဦးဆောင်လမ်းပြပေးနေတယ်လို့ခံစားရတဲ့အတိုင်း ရိုးရိုးလေးပဲလိုက်လျှောက်ခဲ့ပါတယ်။

ကျွန်တော့်အပေါ်ထားရှိတဲ့ ဘုရားသခင်ရဲ့ချစ်ခြင်းမေတ္တာတော်ကို သိရှိခံစားနေရင်း ကျွန်တော့်ရဲ့ အားသာချက်တွေ၊ အားနည်းချက်တွေကိုလည်း သတိထားမိပါတယ်။ အဲဒီဘုရားရှင်ရဲ့ချစ်ခြင်းမေတ္တာကို ရဟန်းတစ်ပါးအဖြစ်နဲ့ လူတွေကိုမျှဝေပေးဖို့ ဘုရားသခင်က ကျွန်တော့်ကိုတောင်းဆိုနေတယ်လို့ ကျွန်တော်ယုံကြည်ပါတယ်။ ကျွန်တော့်ကို ကြိုဆိုလက်ခံပေးခဲ့ကြတဲ့ မဲလ်ဘုန်းဂိုဏ်းချုပ်သာသနာထဲက ဒေသခံများနဲ့ မြန်မာအသိုင်းအဝိုင်းမိသားစုကို အထူးကျေးဇူးတင်ပါတယ်။

 ကျေးဇူးပြုပြီး ကမ္ဘာတစ်ဝန်းမှာရှိနေတဲ့ ရဟန်းလောင်းလေးတွေအတွက် ဆုတောင်းပေးကြဖို့ တောင်းဆိုပါရစေ။ ဒါမှသာလျှင် ဘုရားသခင်ရဲ့သားသမီးတွေအတွက် အစေခံခြင်းအမှုတော်ကိုထမ်းဆောင်ရတဲ့ကျွန်တော်တို့က အခုချိန်မှာရော နောင်အနာဂတ်မှာရော ဒီလောကရဲ့စိန်ခေါ်မှုတွေကိုရင်ဆိုင်နိုင်ကြမှာဖြစ်ပါတယ်။ ဒီနှစ် ရဟန်းသိက္ခာတင်ပွဲက လူတွေအတွက် လှုံ့ဆော်မှုတစ်ခုဖြစ်လိမ့်မယ်လို့ ကျွန်တော်မျှော်လင့်ပါတယ်

ခရစ်တော်သည် ထိုသူအားလုံးတို့နှင့်သက်ဆိုင်ပြီး ထိုသူအားလုံးတို့၌လည်း ကိန်းဝပ်တော်မူ၏။” (ကော်လောဆေ ၃း၁၁)

Source: Vocations Melbourne

 


2020-12-05 20:22:00
NEWS AND EVENTS