Untitled Document
Untitled Document
Myanmar Catholic Church
CBCM
Untitled Document

“အလင်းမျှဝေပါ” UK လှုပ်ရှားမှု

ခရစ္စမတ်စ်ပွဲတော်တွင် မျှော်လင့်ချက်နှင့်အလင်း၏ သတင်းစကားကိုမြှင့်တင်ရန်ရည်ရွယ်ပြီး ခရစ်ယာန်ပုံနှိပ်ထုတ်ဝေရေးနှင့် လက်ကမ်းကူညီရေးအသင်း (Christian Publishing and Outreach - CPO) သည် ယခုနှစ်တွင် “အလင်းမျှဝေပါ” လှုပ်ရှားမှုကိုစတင်မည်ဖြစ်သည်။
United Kingdom ရှိ ခရစ်ယာန်ဂိုဏ်းဂဏအားလုံးမှ ခရစ်ယာန်ဘာသာဝင်များအား ခရစ္စမတ်စ်ပွဲတော်ကျင်းပခြင်း အထိမ်းအမှတ်နှင့်၊ ကာယပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာနှင့် ဝိညာဉ်ပိုင်းဆိုင်ရာ ဒုက္ခရောက်နေသူများအား အကူအညီပေးခဲ့သူများကို ကျေးဇူးတင်ခြင်းအထိမ်းအမှတ်အဖြစ် ဒီဇင်ဘာလ (၂၁) ရက်မှ ခရစ္စမတ်စ်နေ့အထိ မိမိတို့၏အိမ်ပြတင်းပေါက်များတွင် မီးများထွန်းညှိထားကြရန် (CPO) မှ တိုက်တွန်းထားသည်။
ဒီဇင်ဘာလ (၂၁) ရက်သည် UK တွင် နေ့တာအတိုဆုံးနှင့် အမှောင်ဆုံးနေ့ဖြစ်သောကြောင့် ထိုနေ့ကို (CPO) မှ ရွေးချယ်ခဲ့ခြင်းဖြစ်သည်။
 
တစ်မူထူးခြားခရစ္စမတ်စ်ပွဲတော်
 
“ဒီနှစ်ခရစ္စမတ်ပွဲကတော့ ကျွန်တော့်တစ်သက်ကြုံဖူးသမျှထဲမှာ အထူးခြားဆုံးဖြစ်ပါလိမ့်မယ်” အချို့သောနေရာတွေမှာ ဘုရားကျောင်းတွေကို ပိတ်ထားရသော်လည်းပဲ၊ ခရစ်ယာန်ဘာသာဝင်တွေနဲ့ တိုက်နယ်/စီရင်စုတွေက သူတို့ရဲ့ရပ်ရွာလူထု အသိုင်းအဝိုင်းအတွင်း တူညီတဲ့မျှော်လင့်ချက် သတင်းစကားကိုမျှဝေပေးနိုင်ဖို့အတွက် အခမဲ့အရင်းအမြစ်တစ်ခုကို ကျွန်တော်တို့ဖန်တီးပေးချင်တာ” ဟု (CPO) ၏အကြီးအကဲဖြစ်သူ Stew Smith ကရှင်းပြသည်။
Smith က “ကျွန်တော်တို့မျှော်လင့်ထားတာကတော့ ဒီခရစ္စမတ်ပွဲကို ကျွန်တော်တို့တစ်ခါမှ မမြင်ဖူးသေးတဲ့ပုံစံဖြစ်သွားအောင် လမ်းတွေ၊ ရပ်ကွက်တွေနဲ့ လူမှုအဖွဲ့အစည်းတွေက မီးတွေထွန်းညှိထားဖို့ပဲဖြစ်ပါတယ်။ ဘဝမှာရုန်းကန်နေရတဲ့သူတွေအတွက် မျှော်လင့်ချက်အဖြစ် သာမက ဒီနှစ်မှာ တစ်ခြားသူတွေကို အားကြိုးမာန်တက်ကူညီပေးခဲ့ကြသူအားလုံးကို ကျေးဇူးတင်ကြောင်းဖော်ပြတဲ့အနေနဲ့ရော ဒီမီးလေးတွေကို ထွန်းညှိသွားကြမှာဖြစ်ပါတယ်” ဟု ဆက်လက်ပြောကြားခဲ့သည်။
“အလင်းမျှဝေပါ” စည်းရုံးလှုံ့ဆော်ရေးသည် (CPO) မှဖြန့်ချိမည့်ဗွီဒီယိုကို ခရစ်ယာန်များအား မိမိတို့၏သူငယ်ချင်းများနှင့် မိသားစုဝင်များအကြား ဝေမျှပေးရန် အားပေးသည်။
ဗွီဒီယိုနှင့် လှုပ်ရှားမှုဆိုင်ရာအချက်အလက်များကို (CPO) ဝက်ဘ်ဆိုက်မှရရှိနိုင်သည်။
(CPO) သည် သာသနာတော်ကို ဆက်သွယ်ရေးနယ်ပယ်တွင်အကူအညီပေးရန် လွန်ခဲ့သောနှစ်ပေါင်း (၆၀) က ဖွဲ့စည်းခဲ့သည့် ပရဟိတလုပ်ငန်းဖြစ်သည်။ ၎င်းသည် ဆက်သွယ်ရေးဆိုင်ရာလုပ်ငန်းများတွင် အမှုတော်ဆောင်နေသော ခရစ်ယာန်များကို သခင်ယေဇူး၏သတင်းကောင်းဝေငှရာ၌ ထိရောက်စွာဝေငှနိုင်ကြရန် အထောက်အကူပြုလျက်ရှိသည်။
Source: Vatican News
 
 
 
 
 
 



2020-12-08 03:28:18
NEWS AND EVENTS