Untitled Document
Untitled Document
Myanmar Catholic Church
CBCM
Untitled Document

ရဟန်းမင်းကြီးဖရန်စစ်အရှင်သူမြတ်၏ ရဟန်းဝါတော် (၅၁) ဝါပြည့် နှစ်ပတ်လည်နေ့

နောင်တွင် ရဟန်းမင်းကြီးတစ်ပါးဖြစ်လာမည့်သူသည် အသက် (၁၇) နှစ်အရွယ်တွင် မိမိ၏ခေါ်တော်မူခြင်းဘဝကို ရှာဖွေတွေ့ရှိခဲ့သည်။ သူ၏အမည်မှာ Jorge Mario Bergoglio ဖြစ်သည်။
Jorge Mario Bergoglio သည် (၁၉၆၉) ဒီဇင်ဘာလ (၁၃) ရက်၊ အသက် (၃၃) နှစ်ပြည့်မွေးနေ့မတိုင်မီ ရက်အနည်းငယ်အလိုတွင် မြင့်မြတ်သောရဟန်းသိက္ခာကို ခံယူခဲ့သည်။ (၁၉၅၈) ခုနှစ်၊ မတ်လ (၁၁) ရက်နေ့တွင် သူသည် “ယေဇူးအသင်း”၏ ရဟန်းလောင်းဘဝသို့ဝင်ရောက်ခဲ့ပြီး၊ (၁၉၇၃) ခုနှစ်၊ ဧပြီလ (၂၂) ရက်နေ့တွင် ရာသက်ပန်ကတိသစ္စာပြုခဲ့သည်။
ထူးဆန်းသည့် အတွေ့အကြုံ
Jorge Mario Bergoglio သည် မိမိ၏ခေါ်တော်မူခြင်းဘဝကို (၁၉၅၃) ခုနှစ်၊ စက်တင်ဘာလ (၂၁) ရက်၊ စိန့်မာတေးဦးပွဲနေ့တွင် ရှာဖွေတွေ့ရှိခဲ့သည်။ ထိုနေ့တွင် သူသည် Buenos Aires ရှိ သွားနေကျဘုရားကျောင်းဘေးနားမှ ဖြတ်သွားရင်း အာပတ်ဖြေလိုသည့်ဆန္ဒ အလိုလိုဖြစ်ပေါ် လာခဲ့သည်။ မသိမမြင်ဖူးသောရဟန်းတစ်ပါးကိုလည်းတွေ့လိုက်ရပြီး ၎င်းအာပတ်‌ဖြေခြင်းက သူ၏ဘဝကို ပြောင်းလဲစေခဲ့သည်။
လွန်ခဲ့သောနှစ်များစွာက ၎င်းဘုရားကျောင်းသို့လာရောက်လည်ပတ်ခြင်းနှင့်ပတ်သက်၍ (၂၀၁၃) ခုနှစ်၊ မေလ (၁၈) ရက်၊ သန့်ရှင်းသောဝိညာဉ်တော်ဘုရားပွဲနေ့၌ ဩဝါဒပေးရာတွင် ရဟန်းမင်းကြီးက “ကျွန်တော့်အတွက် ဒီအဖြစ်က ထူးဆန်းတဲ့အတွေ့အကြုံပါ။ ကျွန်ုပ်ကို တစ်ယောက်ယောက်က စောင့်မျှော်နေတာကိုတွေ့ခဲ့ရတယ်။ ဘာတွေဖြစ်လာမယ်ဆိုတာကိုတော့ မသိဘူး၊ သေချာမမှတ်မိ တော့ဘူး။ အဲ့ဒီရဟန်းတော်ကိုလည်း ကျွန်ုပ်မသိဘူး၊ ဘာဖြစ်လို့ အာပတ်ဖြေချင်စိတ်တွေ ဖြစ်ပေါ်ခဲ့တာလဲဆိုတာကို နားမလည်ဘူး။ ဒါပေမဲ့ သေချာတာကတော့ တစ်စုံတစ်ဦးက ကျွန်ုပ်ကို စောင့်ဆိုင်းနေတယ်ဆိုတာပါပဲ။ သူက ကျွန်ုပ်ကိုစောင့်နေတာလည်း နဲနဲတော့ကြာပြီနဲ့တူပါတယ်။ ကျွန်ုပ်အာပတ်ဖြေပြီးတဲ့နောက် တစ်ခုခုပြောင်းလဲသွားပြီဆိုတာကို ခံစားခဲ့ရတယ်။ အရင်လိုမဟုတ်တော့ဘူး။ ခေါ်သံလိုလို အသံတစ်ခုကို ကြားလိုက်ရတယ်။ အဲ့ဒီချိန်ကစပြီး ကျွန်ုပ်ဟာ ရဟန်းတော်တစ်ပါးဖြစ်လာလိမ့်မယ်လို့ ယုံကြည်ခဲ့တယ်” ဟူ၍ ပြန်လည်ဝေမျှခဲ့သည်။
Jorge Bergoglio သည် သူ့အား လိုယိုလာမှစိန့်အီဂ်နေးရှပ်စ်တည်ထောင်ထားသော သစ္စာသုံးပါးခံ သူတော်စင်အသင်းဂိုဏ်းသို့ ခေါ်ဆောင်ခဲ့သည့် ဘုရားသခင်၏နူးညံ့သောချစ်ခြင်းမေတ္တာကို တွေ့ကြုံခဲ့ ရပြီး၊ သူ၏စိတ်နှလုံးကိုထိမိ၍ ဘုရားသခင်၏သနားခြင်းကရုဏာကိုလည်း ခံစားခဲ့ရသည်။ ၎င်းသည် ဆရာတော်ကြီး၊ ထို့နောက် ရဟန်းမင်းကြီးအဖြစ် ရွေးချယ်ခန့်အပ်ခြင်းခံရချိန်တွင် စိန့်ဘက်ဒ်၏ဩဝါဒများမှ "Miserando atque eligendo" (သနားခြင်းဖြင့်ရွေးကောက်တော်မူခြင်း) ကို ဆောင်ပုဒ်အဖြစ်ရွေးချယ်ရန် လှုံ့ဆော်ပေးခဲ့သည်။ စိန့်မာတေးဦး၏ခေါ်တော်မူခြင်းဘဝဖြစ်စဉ်ကို ကိုးကားခြင်းဖြစ်သည်။
“Vidit ergo lesus publicanum et quia miserando atque eligendo vidit, ait illi sequere me.” (သခင်ယေဇူးသည် အခွန်ခံမာတေးဦးကိုမြင်လျှင် ကရုဏာမျက်စိနှင့်ကြည့်တော်မူ၍ ရွေးကောက် တော်မူခဲ့ပြီး၊ ငါ့နောက်သို့လိုက်လော့ဟု သူ့အား မိန့်တော်မူ၏။)
ရဟန်းမင်းကြီး၏နှလုံးသားထဲမှ ရဟန်းတော်များ
ရဟန်းမင်းကြီးဖရန်စစ်သည် သူ၏ဩဝါများ/ မိန့်ခွန်းများထဲတွင် ရဟန်းတော်များကို မကြာခဏထည့်သွင်းဖော်ပြလေ့ရှိသည်။ အထူးသဖြင့် ယခုနှစ်တွင် လက်ရှိရင်ဆိုင်နေရသော ကပ်ရောဂါကြောင့် ကျန်းမာရေးဆိုင်ရာ အရေးပေါ်အခြေအနေတွင် ရဟန်းတော်များ၏ အနစ်နာခံ ဆက်ကပ်မှုများကို အကြိမ်ပေါင်းများစွာ ထည့်သွင်းပြောကြားခဲ့သည်။
Covid-19 ကန့်သတ်ချက်များကြောင့် ဆီဖန်ဆင်းခြင်းမစ္ဆားတရားတော်မြတ်ကို ရွှေ့ဆိုင်းလိုက်ရ သောအခါ ရဟန်းမင်းကြီးက ရောမမြို့ရှိရဟန်းတော်များထံ စာတစ်စောင်ရေးသားပေးပို့ခဲ့သည်။ ရဟန်းမင်းကြီးသည် “လူတို့၏နာကျင်မှုကို မိမိတို့၏လက်များဖြင့်တို့ထိခြင်းဖြင့် သူတို့နှင့် နီးကပ်စွာရှိနေပြီး၊ သူတို့နှင့်အတူမျှဝေကာ သူတို့၏ဘဝခရီးကိုသေချာစေခဲ့သူများဖြစ်သည့် ရဟန်းတော် များအား” နွေးထွေးစွာ နှုတ်ခွန်းဆက်ခဲ့သည်။
“ဘုန်းတော်ကြီးများအနေနဲ့ ကျွန်ုပ်တို့တွေက ဒီအခြေအနေတွေနဲ့မစိမ်းခဲ့ပါဘူး။ ကျွန်ုပ်တို့က သူတို့ကို ပြတင်းပေါက်ကနေပဲ ငုံ့ကြည့်နေတာမျိုးမဟုတ်ဘဲ၊ လေပြင်းမုန်တိုင်းကို ရင်ဆိုင်ရင်း သင်တို့နေထိုင်ရာ လူမှုအသိုင်းအဝိုင်းနဲ့အတူရှိနေပြီး သူတို့ကိုအဖော်ပြုနိုင်မယ့် နည်းလမ်းတွေကို သင်တို့ တွေ့ရှိခဲ့ကြတယ်။ တစ်နည်းအားဖြင့် တောခွေးလာနေတာကိုမြင်လိုက်ရတဲ့အခါ သင်တို့ရဲ့သိုးစုကို ပစ်ထားခဲ့ပြီး ကိုယ်လွတ်ရုန်းမသွားခဲ့ကြဘူး” ဟူ၍ ဂုဏ်ပြုရေးသားခဲ့သည်။
ရဟန်းတော်များအား ပညာအမြော်အမြင်ရှိကြရန်၊ ရေရှည်ကိုတွေးတတ်ကြရန်နှင့် ကတိသစ္စာ တည်မြဲကြရန်လည်း တိုက်တွန်းနှိုးဆော်သည်။ အနာဂတ်ကိုမျှော်ကြည့်ရင်း ရဟန်းတော်များအား စိန်ခေါ်ရေးသားခဲ့သည်မှာ “နားထောင်ခြင်းစွမ်းရည်ကိုမြှင့်တင်ပါ သို့သော် မျှော်လင့်ချက်အပြည့်ထားပါ၊ တည်ငြိမ်ပါ သို့သော် ဇွဲရှိပါ၊ မဆုတ်မနစ်ကြိုးစားပါ သို့သော် ကြောက်စရာကောင်းသောသူ မဖြစ်ပါစေနှင့်။ ရဟန်းတော်တွေရဲ့အသိုင်းအဝိုင်းမှာ (ရဟန်းလောင်းများနှင့် ရဟန်းအငယ်များ အပါအဝင်) ညီအစ်ကိုစိတ်ဓာတ်နဲ့နေထိုင်သွားဖို့နဲ့ အနာဂတ်အတွက်တာဝန်ယူဖို့ဆိုတာ ကျွန်ုပ်တို့အပေါ်မှာပဲ အများကြီးမူတည်နေပါတယ်” ဟု သတိပေးခဲ့သည်။
ရဟန်းတော်များ၏ တမန်တော်စိတ်ဓာတ်
ပြင်သစ်နိုင်ငံရှိ Lombardy ဒေသမှ ဆရာဝန်များ၊ သူနာပြုများ၊ ကျန်းမာရေးလုပ်သားများနှင့် စကားပြောနေစဉ် ရဟန်းမင်းကြီးက “လူတို့အား ယုံကြည်ခြင်းလမ်းခရီးကို ဆက်လက်လျှောက်လှမ်း နိုင်ကြရန်နှင့်၊ ကြောက်ရွံ့ခြင်းနှင့် နာကျင်မှုများကိုရင်ဆိုင်ရာ၌ အထီးကျန်မှုမရှိကြစေရန်အတွက် တမန်တော်စိတ်အပြည့်ဖြင့် တီထွင်ဖန်တီးမှုများဖြင့် စောင့်ရှောက်ပေးခဲ့ကြသည့်ရဟန်းတော်များအား” အောက်မေ့သတိရကြောင်း ပြောကြားခဲ့သည်။
“လူတွေကို တယ်လီဖုန်းနဲ့ဆက်သွယ်ပြီးတော့ပဲဖြစ်ဖြစ်၊ တံခါးတွေကိုခေါက်ပြီးတော့ပဲဖြစ်ဖြစ် လူတွေဆီရောက်အောင်သွားခဲ့ကြတဲ့ ရဟန်းတော်များရဲ့ တမန်တော်စိတ်ဓာတ်ကို ကျွန်ုပ်လေးစားမိတယ်။ တစ်ခုခုလိုအပ်တာရှိလား? ဈေးဝယ်ပေးရမလား? စသဖြင့် ထောင်သောင်းမကသောအမှုအရာတွေကို သူတို့ပြုခဲ့ကြတယ်။ မိမိတို့နဲ့နီးစပ်တဲ့လူတွေကို ဂရုစိုက်ပေးပြီး နေ့စဉ်ဝေမျှခံထမ်းပေးကြတဲ့ ဒီရဟန်းတော်များက လူတွေအပေါ် ဘုရားသခင်ရဲ့နှစ်သိမ့်ပေးခြင်းအမှတ်လက္ခဏာတွေဖြစ်ခဲ့ကြတယ်။ ဆရာဝန်တွေနဲ့ ဆေးဘက်ဆိုင်ရာ ၀န်ထမ်းတွေလိုပဲ အချို့သောရဟန်းတော်များ သေဆုံးသွားကြတာကိုတော့ စိတ်မကောင်းဖြစ်ရ ပါတယ်" ဟု ဆိုသည်။ ထို့နောက် ဖျားနာနေသောရဟန်းတော်များကိုလည်း သတိရ ဆုတောင်းပေးကြောင်းနှင့် လူတို့အား ရဲစွမ်းသတ္တိနှင့် ချစ်ခြင်းမေတ္တာကိုပြသခဲ့ကြသော အီတာလျံ ရဟန်းတော်များအား ကျေးဇူးတင်ကြောင်းကိုလည်း ထည့်သွင်းပြောကြားခဲ့သည်။
Source: Vatican News

2020-12-14 02:12:09
NEWS AND EVENTS