Untitled Document
Untitled Document
Myanmar Catholic Church
CBCM
Untitled Document

ကပ်ရောဂါကာလအတွင်း ခရစ္စမတ်စ်ပွဲတော်က စည်းလုံးညီညွတ်ကြရန်

တောင်းဆိုခြင်းဖြစ်ကြောင်း ကာဒီနယ်တာဂလေမှ ဝေမျှခြင်း

ဗာတီကန်သတင်းဌာနနှင့်အင်တာဗျူးတစ်ခုတွင် ကာဒီနယ်လူးဝိစ်အန်တိုးနီယိုတာဂလေမှ (၂၀၂၀) ခရစ္စမတ်စ်အတွက် သူ၏မျှော်လင့်ချက်ကိုမျှဝေခဲ့ပြီး၊ လူသားအားလုံး၏ မျှော်လင့်ခြင်းနှင့် ပြန်လည်မွေးဖွားခြင်းအတွက် ခရစ္စမတ်စ်ပွဲတော်ကိုကြိုဆိုခြင်း၏အရေးကြီးပုံကို လည်း အလေးပေးပြောကြားခဲ့သည်။ ထို့နောက် Covid-19 ရောဂါကူးစက်ခံခဲ့ရသော သူ၏ကိုယ်ပိုင်အတွေ့အကြုံကို ပြန်လည်ဝေမျှရင်း၊ ၎င်းရောဂါကြောင့် ဒုက္ခရောက်နေသူများကိုလည်း အားပေးစကားပြောကြားခဲ့သည်။
ကာဒီနယ်ကြီးခင်ဗျာ…… ဒီ (၂၀၂၀) ခရစ္စမတ်စ်ဟာ ကူးစက်ရောဂါကြောင့်မို့ အလွန်ထူးခြားတဲ့ ခရစ္စမတ်စ်ဖြစ်လိမ့်မယ်လို့ ကျွန်တော်တို့ယုံကြည်ပါတယ်။ ဒီဆင်းရဲဒုက္ခတွေကြားမှာ သခင်ယေဇူးရဲ့ ဖွားမြင်တော်မူခြင်းက အနာတရဖြစ်နေတဲ့လူသားအားလုံးအတွက် အရင်ကထက်ပိုပြီးလိုအပ်တဲ့ မျှော်လင့်ခြင်းကို ဆောင်ကြဉ်းပေးတဲ့အကြောင်း ဝေမျှပေးပါဦး။
 
ဟုတ်ပါတယ်၊ မူရင်းခရစ္စမတ်စ်ကို ကျွန်ုပ်တို့ပြန်ပြီးသတိရသင့်ပါတယ်။ ခရစ်တော်ဖွားမြင်လာတဲ့အချိန်တုန်းက အခြေအနေတွေဟာ အကောင်းဆုံးအနေအထား မဟုတ်ခဲ့ပါဘူး။ အီဇရာအဲလ်လူမျိုးတွေရဲ့ ဘဝအခြေအနေ အင်မတန်ခက်ခဲနေတဲ့ကြားမှာပဲ ဘုရားသခင်ရဲ့သားတော် ဖွားမြင်တော်မူခဲ့တာပါ။ ဒီနှစ် ကျွန်ုပ်တို့ကြုံတွေ့နေရတဲ့ ပြဿနာတွေနဲ့ ဆင်းရဲဒုက္ခတွေက မျှော်လင့်ခြင်းနဲ့ ခရစ္စမတ်စ်ကို အာရုံစိုက်နိုင်ဖို့ ကျွန်ုပ်တို့ကိုကူညီလိမ့်မယ်လို့ ထင်ပါတယ်။ အဲ့ဒါဘာလဲ? ကျွန်ုပ်တို့ဆီကို ဘုရားသခင် ကြွလာတော်မူခြင်းပဲ။ ကျွန်ုပ်တို့ ဘယ်တော့မှ အထီးကျန်မှာမဟုတ်ဘူး။ ဧမာနူအဲလ် - ကျွန်ုပ်တို့နှင့်အတူရှိတော်မူသောဘုရားသခင်ဖြစ်တယ်။ ပြီးတော့ ကျွန်ုပ်တို့နဲ့အတူရှိနေတဲ့အရာတွေ ပျောက်ကွယ်သွားလိမ့်မယ်။ ရင်းနှီးမြှုပ်နှံမှုတွေ၊ အောင်မြင်မှုတွေ၊ လက်ဆောင်တွေ၊ ကျွန်ုပ်တို့ရဲ့ငွေတွေ ... အားလုံးပျောက်ကွယ်သွားလိမ့်မယ်။ ခရစ္စမတ်စ်နဲ့ဆက်စပ်တဲ့ အပေါ်ယံပစ္စည်းတွေ အားလုံး ပျောက်ကွယ်သွားနိုင်တယ်။ ဒါပေမဲ့ ကျွန်ုပ်တို့ထဲမှာ တစ်ဦးအပါအဝင်ဖြစ်လာတဲ့/ကျွန်ုပ်တို့နဲ့အတူ ရှိတော်မူတဲ့ ယေဇူးသခင်က ကျွန်ုပ်တို့နဲ့ထာဝရရှိနေမယ်။ ဒါက ကျွန်ုပ်တို့ရဲ့မျှော်လင့်ချက်ပဲ။
 
ကာဒီနယ်ကြီးကိုယ်တိုင် Covid ရောဂါကူးစက်ခံခဲ့ရတယ်ဆိုတော့ ဒီရောဂါကူးစက်ခံရပြီး ကြောက်ရွံ့ နေကြတဲ့သူတွေကို ဘာများပြောချင်ပါသလဲ?
 
ပထမဦးဆုံးအနေနဲ့ သူတို့အတွက် ကျွန်ုပ်ရဲ့အထဲမှာ ညီ/အစ်ကိုတစ်ယောက် ရှိတယ်ဆိုတာကို ပြောချင်ပါတယ်။ ရောဂါကူးစက်ခံရတဲ့အချိန်မှာ ခံစားရတဲ့ စိတ်ရှုပ်ထွေးမှုတွေ၊ ဆင်းရဲဒုက္ခတွေနဲ့ ကြောက်ရွံ့မှုတွေကို အထူးနားလည်ထားသူတစ်ဦးရှိတယ် ဆိုတာပါပဲ။ ရောဂါကူးစက်ခံထားရသူ တွေရော၊ အခု နားထောင်နေတဲ့သူတွေအားလုံးကိုပြောချင်တာက ကျွန်ုပ်တို့လုံးဝမျှော်လင့်မထားတဲ့ အရာတွေကြုံလာရတဲ့အခါ အင်မတန်ထိတ်လန့်အံ့ဩစရာကောင်းတယ်။ ဧဝံဂေလိကျမ်းစာထဲမှာလည်း “သင်တို့၏ သခင်ဘုရားကြွလာတော်မူမည့်အချိန်ကို သင်တို့မသိကြ။ ထို့ကြောင့် သင်တို့သည် အသင့်ရှိကြလော့” လို့ သတိပေး ထားပါတယ်။ ဒါ့ကြောင့် ကျွန်ုပ်တို့အားလုံး မိမိတို့ရဲ့နေ့စဉ်ဘဝအသက်တာမှာ ဘုရားသခင်နှင့်သော်လည်းကောင်း၊ အိမ်နီးချင်းများနှင့်သော် လည်းကောင်း ငြိမ်းချမ်းစွာနေထိုင်ကြဖို့ မျှော်လင့်ပါတယ်။ ကျွန်ုပ်တို့ အခုချက်ချင်းလုပ်နိုင်တဲ့ ရိုးရှင်းတဲ့ကြင်နာမှုလေးပြလိုက်တာမျိုး၊ တရားမျှတမှုလုပ်ရပ်လေးတစ်ခု၊ ဖုန်းခေါ်ဆိုမှုတစ်ခု၊ အပြုံးလေးတစ်ခု၊ အမှတ်ရစေတဲ့အပြုအမူလေးတစ်ခု စသဖြင့် အချိန်မဆွဲဘဲ ကောင်းမှုကုသိုလ်လေးတွေ လုပ်ကြရအောင်။ ဘာဖြစ်လို့လဲဆိုတော့ ဒါတွေလုပ်ဖို့အတွက် နောက်ထပ်အခွင့်အရေးရဖို့ဆိုတာ မသေချာဘူးလေ။
 
ဒီကူးစက်ရောဂါဟာ ဘယ်သူမှ တစ်ဦးတည်းမကယ်တင်နိုင်ဘူးဆိုတာကို သက်သေပြနေတယ်လို့ ရဟန်းမင်းကြီးဖရန်စစ်က ဒီနှစ်အတွင်းမှာ အကြိမ်ပေါင်းများစွာပြောနေတာကို ကျွန်တော်တို့ ကြားရတယ်။ ဒီစကားတွေကို သက်သေခံဖို့အတွက် ခရစ်ယာန်တွေအနေနဲ့ လက်ဆုပ်လက်ကိုင်ပြနိုင်တဲ့ လုပ်ရပ်ဆိုလို့ ဘာတွေများရှိပါသလဲ?
 
လုပ်နိုင်တာတွေအများကြီးရှိပါတယ်။ ခရစ္စမတ်စ်ပွဲတော်ကျင်းပတဲ့အခါ နေရာဒေသအမျိုးမျိုးနဲ့ အရွယ်ပေါင်းစုံတဲ့ ခရစ်ယာန်တွေဟာ ဘယ်လောက်တောင် တီထွင်ဖန်တီးတတ်ကြသလဲဆိုတာ ကျွန်ုပ်အမြဲသတိရ မှတ်မိနေပါတယ်။ တစ်နိုင်ငံပြီးတစ်နိုင်ငံကို သွားကြည့်မယ်ဆိုရင် ခရစ်ယာန်တွေရဲ့တီထွင်နိုင်စွမ်းကို သင်တွေ့မြင်နိုင်ပါတယ်။
ဒီနှစ် ကပ်ရောဂါဖြစ်ပွားနေတဲ့ကြားက (၂၀၂၀) ခရစ္စမတ်စ်ဟာ စည်းလုံးညီညွတ်မှုကို တောင်းဆိုနေတာ ဖြစ်တယ်။ ကျွန်ုပ်တို့ နည်းလမ်းတွေရှာတွေ့နိုင်ဖို့အတွက် တီထွင်ဖန်တီးနိုင်ကြလိမ့်မယ်လို့လည်း မျှော်လင့်ပါတယ်။ အထူးသဖြင့် ကျွန်ုပ်တို့ရဲ့ညီအစ်ကိုမောင်နှမတွေကို သူတို့ မှီခိုအားကိုးလို့ရတဲ့ သူငယ်ချင်းတစ်ယောက်ရှိတယ်ဆိုတာကို သတိပေးဖို့ဖြစ်တယ်။
ကိုယ့်အဖို့ ငွေစုဆောင်းမယ့်အစား ဘာမှမရှိတဲ့အိမ်နီးချင်းအတွက် ဘာလို့ငွေမချွေတာနိုင်တာလဲ? ကိုယ်ကိုယ်တိုင်နဲ့ ကိုယ့်မိသားစုအတွက်ပဲ ပွဲခံမယ့်အစား ဘာကြောင့် တစ်စုံတစ်ဦးအတွက် အစားအစာတွေ မမှာပေးနိုင်ရတာလဲ? နည်းလမ်းတွေ အများကြီး၊ အများကြီးရှိပါတယ်။ ဒါမှလူတွေက “ငါ့မှာ ညီအစ်ကိုတစ်ယောက်ရှိနေပါလား၊ ညီအစ်မတစ်ယောက်ရှိနေပါလား၊ သူငယ်ချင်းတစ်ယောက် ရှိနေပါလား” ဆိုပြီး သိရှိခံစားကြရမှာဖြစ်တယ်။
 
(၂၀၂၀) ပြည့်နှစ်က ကုန်ဆုံးတော့မယ်။ ဆင်းရဲဒုက္ခတွေများစွာကြုံတွေ့ရတဲ့ နှစ်တစ်နှစ်ဖြစ်ခဲ့တယ်။ လာမယ့်နှစ်သစ်အတွက် ကာဒီနယ်ကြီးရဲ့ဆန္ဒဆုမွန်က ဘာများဖြစ်မလဲ?
လာမယ့်နှစ်သစ်ကိုပိုမိုတောက်ပစေနိုင်ဖို့အတွက် လူသားတွေအားလုံး ခွန်အားတွေ၊ မျှော်လင့်ခြင်း၊ ယုံကြည်ခြင်းနဲ့ ဝမ်းမြောက်ခြင်းတွေရှိကြစေဖို့ ဆန္ဒပြုလိုက်ပါတယ်။ ပြင်ပမှာဖြစ်ပျက်နေတဲ့အရာတွေ ပြောင်းလဲလာဖို့ကို ကျွန်ုပ်တို့ ထိုင်စောင့်နေရုံနဲ့မရပါဘူး။ သူတို့ပြောင်းလဲချင်မှ ပြောင်းလဲလိမ့်မယ်။ ဒါပေမယ့် ကျွန်ုပ်တို့ရဲ့သဘောထား/အမြင်ကိုပြောင်းလဲလိုက်ရင် ကျွန်ုပ်တို့ရဲ့ မျှော်လင့်ချက်၊ စည်းလုံးညီညွတ်မှုနဲ့ ဝမ်းမြောက်ပျော်ရွှင်မှုတွေက နှစ်သစ်ကို ပိုမိုလင်းလက်စေပါလိမ့်မယ်။
Source: Vatican News

2020-12-16 01:54:47
NEWS AND EVENTS