Untitled Document
Untitled Document
Myanmar Catholic Church
CBCM
Untitled Document
Kazakhstan ရှိ Ark ကျေးရွာ၏ မိသားစုခရစ္စမတ်စ်

"Ark ကျေးရွာရဲ့ခရစ္စမတ်စ်က ခါတိုင်းနှစ်တွေထက် အချင်းချင်း ပိုပြီးရင်းနှီးလာကြစေမှာပါ။ အရင်နှစ်တွေက ဒီဇင်ဘာလဟာ အင်မတန်စိတ်လှုပ်ရှားစရာကောင်းတဲ့ အချိန်ကာလတစ်ခုဖြစ်တယ်။ ဘာဖြစ်လို့လဲဆိုတော့ အလှူရှင်တွေ၊ မိတ်ဆွေတွေအများကြီး ရောက်လာပြီး ကျွန်တော်တို့ကို ကူညီပံ့ပိုးကြတယ်။ ဒီနှစ်မှာတော့ Covid-19 ကြောင့် ဘယ်အရာမဆို အကန့်အသတ်တွေနဲ့ပဲ။ အထူးသဖြင့် ကလေးတွေနဲ့ပတ်သက်ပြီး အပြင်ကလာတဲ့ဧည့်သည်တွေကို လက်ခံရတာကအစ လိုရင်းတိုရှင်းပုံစံနဲ့ပဲ လှုပ်ရှားရပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ဒါတွေက လူတွေရဲ့ရက်ရောမှုကိုတော့ မလျှော့ချနိုင်ပါဘူး။ အခုလည်း ကျွန်တော်တို့ အကူအညီတွေအများကြီး ရနေပါတယ်"
Almaty မြို့တော်အနီးရှိ Ark ကျေးရွာတွင် သာသနာပြု အမှုတော်ထမ်းဆောင်နေသော Caritas Kazakhstan ၏ဒါရိုက်တာဖြစ်သူ Fr. Guido Trezzani က Fides သတင်းဌာနကို ပြောကြားခြင်းဖြစ်သည်။
အခက်အခဲများစွာကြားမှ အဝေးသင်စနစ်ဖြင့် ဆက်လက်၍ အကျိုးကျေးဇူးများရရှိရန် ကျေးရွာလူကြီးများမှ ကြိုးစားဆောင်ရွက်ရာ၌ လူသားအရင်းအမြစ်စွမ်းရည်နည်းပါးခြင်း၊ နည်းပညာဆိုင်ရာ အခက်အခဲများကြုံရခြင်း၊ ဆရာများမှ နည်းပညာပိုင်း၌ကြိုတင်ပြင်ဆင်ထားမှု မရှိခြင်းကြောင့် ဤလပိုင်းများတွင် သင်ကြားမှုတွင် အခက်အခဲများရှိနေကြောင်း ရှင်းပြခဲ့သည်။
“ဒါ့ကြောင့် ကျွန်တော်တို့ရဲ့လူတွေနဲ့ ပြင်ပကလာရောက်ပါဝင်သူတွေကို ထောက်ပံ့ပေးနိုင်ဖို့အတွက် ပိုမိုကောင်းမွန်တဲ့သင်ကြားမှုပုံစံတွေကို ဆက်လက်ရှာဖွေနေတယ်။ အဝေးကသင်ယူခြင်းနဲ့ဆက်စပ်တဲ့ ပြဿနာတစ်ခုက လူမှုရေးတွေဖြစ်တယ်။ ကျွန်ုပ်တို့ရဲ့လူငယ်လေးတွေက အခြားသူတွေထက် ထိခိုက်မှုနည်းပါတယ်။ သူတို့အချင်းချင်းကြားမှာ အပြန်အလှန်ပေါင်းသင်းလို့ရနေတာလေ။ သို့သော်လည်းပဲ သူတို့ရဲ့အတန်းထဲက သူငယ်ချင်းတွေကိုတော့ သူတို့သတိရကြတာပေါ့” ဟု ဆိုသည်။
ကျေးရွာအဖွဲ့သည် လူမှုဖွံ့ဖြိုးရေးလုပ်ငန်းအမျိုးအမျိုးကို ဆက်လက်လုပ်ဆောင်လျက်ရှိသည်။ “ကလေးမွေးစားဖို့လျှောက်ထားတဲ့စုံတွဲတွေအတွက် စိတ်ပိုင်းဆိုင်ရာလေ့ကျင့်မှုကို ခွင့်ပြုပေးတဲ့ အရပ်ဘက်အဖွဲ့အစည်းဆီက လိုင်စင်ကို ကျွန်တော်တို့ရတာ မကြာသေးဘူး။ ဒီကိစ္စကိုလည်း အွန်လိုင်းကနေ အားကြိုးမာန်တက် ဆက်လက်လုပ်ဆောင်နေပါတယ်။ ဒါ့အပြင် လက်ရှိ ကျေးရွာအတွင်းလုပ်ဆောင်မှုတွေကို အထောက်အကူပြုပြီး တိုးတက်အောင်လုပ်နိုင်မယ့် စီမံကိန်းတွေကို ကျွန်ုပ်တို့ ဆက်တိုက်လုပ်ဆောင်နေပါတယ်။ အခြားတစ်ဖက်မှာလည်း ကျွန်ုပ်တို့ယခင်ကလုပ်ခဲ့ဖူးတဲ့အတိုင်း ကိုယ်ပိုင်ရန်ပုံငွေရှာဖွေစုဆောင်းခြင်းအစီအစဉ်ကိုလည်း ဆက်လုပ်သွားမှာပါ" ဟု နိဂုံးချုပ်ခဲ့သည်။
သက္ကရာဇ် (၂၀၀၀) ပြည့်နှစ်၊ ဇွန်လ (၁) ရက်နေ့တွင် စတင်တည်ထောင်ခဲ့ပြီး ထိုကျေးရွာသည် မိဘမဲ့များ၊ ဆင်းရဲသားများ၊ ရုပ်ပိုင်းဆိုင်ရာနှင့် စိတ်ပိုင်းဆိုင်ရာမသန်စွမ်းသူ (၃၀) ခန့်အပါအဝင် ကလေး (၇၀) ခန့်ကို လက်ခံကာ ပြုစုပျိုးထောင်ပေးလျက်ရှိသည်။ (၂ဝဝ၇) ခုနှစ်မှစ၍ သွားဘက်ဆိုင်ရာဌာန၊ ဓာတ်မှန်ဌာနနှင့် အကြောအဆစ်ဌာနတို့ဖြင့် ဖွဲ့စည်းတည်ဆောက်ထားသည့် ဆေးခန်းတစ်ခုကိုဖွင့်လှစ်ခဲ့သည်။ ပိတ်ရမည့်အခြေအနေဖြစ်နေသော အစိုးရမိဘမဲ့ဂေဟာမှ ကလေးများအား လက်ခံခြင်းဖြင့် (၁၉၉၇) ခုနှစ်က စီမံကိန်း၏ပထမခြေလှမ်းကို စတင်ခဲ့သည်။ ယခုအချိန်တွင် အကြမ်းဖက်မှု သို့မဟုတ် အရက်ယမကာကြောင့်ပျက်စီးသွားသောမိသားစုများမှ လူငယ်များကိုလည်း ကြိုဆိုလက်ခံလျက်ရှိသည်။
Source: zenit.org
 



2020-12-24 01:07:36
NEWS AND EVENTS