Untitled Document
Untitled Document
Myanmar Catholic Church
CBCM
Untitled Document

ယခုနှစ်တွင် ရဟန်းမင်းကြီးဖရန်စစ်မှ

ဆေးကြောခြင်းပေးသည့်အခမ်းအနားကျင်းပမည်မဟုတ်ပါ

 
“စစ္စတင်းဘုရားကျောင်းဆောင်တွင် နှစ်စဉ်ကျင်းပလေ့ရှိသည့် ‘သခင်ယေဇူးဆေးကြောခြင်းခံသော ပွဲနေ့’ ၌ ရဟန်းမင်းကြီးကိုယ်တိုင်ဦးဆောင်၍ ကလေးငယ်များအား ဆေးကြောခြင်းပေးသည့် အခမ်းအနားကို ကပ်ရောဂါကူးစက်နေမှုအခြေအနေများကြောင့် ယခုနှစ်တွင် ကျင်းပမည်မဟုတ်” ဟု ဗာတီကန်သတင်းဌာနမှ အင်္ဂါနေ့တွင် အတည်ပြုကြေညာခဲ့သည်။ ထို့ကြောင့် ကလေးငယ်များသည် မိမိတို့နှင့်သက်ဆိုင်ရာ စီရင်စု၌သာ ဆေးကြောခြင်းခံယူကြရပေမည်။
‘သခင်ယေဇူးဆေးကြောခြင်းခံသောပွဲနေ့’ သည် ယခုနှစ် ဇန်နဝါရီလ (၁၀) ရက်၊ တနင်္ဂနွေနေ့တွင် ကျရောက်မည်ဖြစ်သည်။
ဆက်လက်ပြုလုပ်သည့် အစဉ်အလာ
ဗာတီကန်ရှိ စစ္စတင်းဘုရားကျောင်းဆောင်တွင် မွေးကင်းစကလေးငယ်များအား ဆေးကြောခြင်း စက္ကရမင်တူးပေးသည့်အစဉ်အလာကို ရဟန်းမင်းကြီးစိန့်ဂျွန်ပေါလ် (၂) မှ စတင်ခဲ့သည်။
ဗာတီကန်၏ဝက်ဘ်ဆိုက်တွင်ဖော်ပြထားချက်အရ ရဟန်းမင်းကြီးစိန့်ဂျွန်ပေါလ် (၂) သည် (၁၉၈၁) ခုနှစ်၊ ဇန်နဝါရီ (၁၁) ရက်တွင် မွေးကင်းစကလေးငယ် (၉) ဦးကိုလည်းကောင်း၊ (၁၉၈၂) ခုနှစ်တွင် မွေးကင်းစကလေးငယ် (၁၃) ဦးကိုလည်းကောင်း၊ (၁၉၈၃) ခုနှစ်တွင် မွေးကင်းစကလေးငယ် (၂၀)ဦး ကိုလည်းကောင်း “သခင်ယေဇူးဆေးကြောခြင်းခံသောပွဲနေ့” တွင် ဆေးကြောခြင်းစက္ကရမင်တူး ပေးခဲ့ကြောင်း သိရသည်။
ပြီးခဲ့သည့်နှစ်တွင် ရဟန်းမင်းကြီးဖရန်စစ်သည် ဗာတီကန်အမှုထမ်းများ၏ မွေးကင်းစကလေးငယ်များ စုစုပေါင်း (၃၂) ဦး (ယောက်ျားလေး ၁၇ ဦးနှင့် မိန်းကလေး ၁၅ ဦး) ကို ဆေးကြောခြင်းစက္ကရမင်တူး ပေးခဲ့သည်။
သာသနာတော်၏ဝတ်ပြုရေးဆိုင်ရာပြက္ခဒိန်တွင် “သခင်ယေဇူးဆေးကြောခြင်းခံသောပွဲနေ့”သည် ခရစ္စမတ်စ်ကာလ ပြီးဆုံးသည့်နေ့ဖြစ်သည်။
ကပ်ရောဂါ ဒုတိယလှိုင်းဒဏ်
ဥရောပအပါအဝင် ကမ္ဘာတစ်ဝန်းရှိနိုင်ငံများစွာသည် ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှု ဒုတိယလှိုင်းနှင့် ရင်ဆိုင်ရုန်းကန်နေကြရသည်။ အစိုးရများမှလည်း ကူးစက်ပြန့်ပွားမှုကိုတားဆီးနိုင်ရန်အတွက် အထူးသဖြင့် ယခုကဲ့သို့အားလပ်ရက်ကာလတွင် လူအများစုဝေးခြင်းကို တားမြစ်ပိတ်ပင်ထားသည်။
အီတလီနိုင်ငံ၌ ဤရောဂါကြောင့် လူပေါင်း (၇၅,၀၀၀) ကျော် သေဆုံးပြီး ဥရောပနိုင်ငံများအကြားတွင် ထိခိုက်မှုအမြင့်ဆုံးဖြစ်သည်။ အီတလီသည် ကပ်ရောဂါစတင်ကူးစက်ချိန်မှစ၍ စုစုပေါင်းကူးစက်မှု (၂.၁) သန်းကျော်ရှိပြီး ရုရှား၊ ဗြိတိန်နှင့် ပြင်သစ်တို့ပြီးလျှင် အဆင့် (၄) တွင်ရှိနေသည်။
Source: Vatican News
Image: Feast of the Baptism of the Lord, 12 January 2020

2021-01-06 21:04:41
NEWS AND EVENTS