Untitled Document
Untitled Document
Myanmar Catholic Church
CBCM
Untitled Document

ကိုးရီးယားကက်သလစ်ဆရာတော်ကြီးများအဖွဲ့ချုပ်၏

ဥက္ကဌအသစ် ဆရာတော် Mathias Lee Yong-hoon

ကိုးရီးယားနိုင်ငံကက်သလစ်ဆရာတော်ကြီးများအဖွဲ့ချုပ် (Catholic Bishops’ Conference of Korea -CBCK) ၏ ဥက္ကဌအသစ်ဖြစ်သူ ဆူဝွန်ဂိုဏ်းချုပ်ဆရာတော်ကြီး Mathias Lee Yong-hoon က

အင်တာဗျူးတစ်ခုတွင် (၂၀၂၀) ခုနှစ်၏ ထူးခြားသောအဖြစ်အပျက်များကို ခြုံငုံသုံးသပ်လျက် “လူ့အသက်ပေါင်းများစွာနှင့် အသက်မွေး၀မ်းကျောင်းလုပ်ငန်းများကို ဆုံးရှုံးစေခဲ့သော တစ်ကမ္ဘာလုံးဆိုင်ရာအခက်အခဲများကြားတွင် ကျွန်ုပ်တို့ တစ်ဦးနှင့်တစ်ဦး အားပေးကူညီကြရန်ဖိတ်ခေါ်ခြင်းခံကြရသည်။  (၂၀၂၁) ခုနှစ်တွင် COVID-19 ကူးစက်ရောဂါကြောင့် ဆက်လက်ဖြစ်ပေါ်လာသောစိန်ခေါ်မှုများကို မျှော်လင့်ခြင်းပါရမီဖြင့် တုံ့ပြန်ရန်လိုအပ်သည်ဟု ပြောကြားခဲ့သည်။

ဆင်ခြင်သုံးသပ်ရန်လိုအပ်ခြင်း

ဂိုဏ်းချုပ်ဆရာတော်ကြီး Yong-hoon က ဤကူးစက်ရောဂါ မကြာခင်အဆုံးသတ်စေရန်အတွက် ဘုရားသခင်၏သနားကရုဏာတော်ကို ကျွန်ုပ်တောင်းခံပါသည်။ ဤဗိုင်းရပ်စ်သည် ကျွန်ုပ်တို့၏ပတ်ဝန်းကျင်ပျက်စီးခြင်းနှင့် ကျွန်ုပ်တို့၏ဘုံနေအိမ်ကမ္ဘာကြီးကို အလွဲသုံးစားပြုမှုများ၏ အကျိုးဆက်များထဲမှတစ်ခုဖြစ်သည်။ (ကမ္ဘာဦးကျမ်း ၃း၉) တွင် ဘုရားသခင်က သင်သည်အဘယ်မှာရှိသနည်းဟု အာဒံကိုမေးတော်မူခဲ့သည်။ ၎င်းမေးခွန်းကိုပင် ကျွန်ပ်တို့အားလည်း မေးနေသည်ကို ယနေ့ သုံးသပ်ဆင်ခြင်ကြပါစို့ ဟု တိုက်တွန်းခဲ့သည်။

ထို့အပြင် ရဟန်းမင်းကြီးဖရန်စစ်မိန့်မြွက်ခဲ့ဖူးသည့်စကားကို ပြန်လည်ကိုးကား၍ ကျွန်ုပ်တို့၏ဘဝ၌ အရေးကြီးသောအရာများကို ခွဲခြားသိမြင်နိုင်ရန်ကြိုးစားကြပါစို့။ ကျွန်ုပ်တို့သည် ခေတ္တရပ်နား/ အချိန်ယူလျက် ပတ်ဝန်းကျင်တွင်ဖြစ်ပျက်နေသည့်အရာများကို သုံးသပ်ကာ ဒုက္ခရောက်နေသူများကို ချစ်ခြင်းမေတ္တာဖြင့် အကူအညီပေးနိုင်ကြရန်အတွက် အနစ်နာခံဆက်ကပ်မှုများပြုကြရန် လိုအပ်လျက်ရှိသည်ဟု ပြောကြားခဲ့သည်။ ဆိုလိုသည်မှာ လက်တွေ့ဘဝတွင် ရှင်မာတေးဦး ဧဝံဂေလိကျမ်း (၇ း ၁၂) မှ ရွှေပညတ်ဟုခေါ်သည့် သူတစ်ပါးတို့သည် သင်တို့အားပြုစေလိုသည့် အတိုင်း သင်တို့သည်လည်း သူတစ်ပါးတို့အား ပြုကြလော့ဟူသည့်ကျမ်းချက်ကို ကျင့်သုံးကြရန် ကျွန်ုပ်တို့အား ဖိတ်ခေါ်ခြင်းဖြစ်သည်။

St. Andrew Kim Dae-geon ၏ နှစ်(၂၀၀)ပြည့်မွေးနေ့အထိမ်းအမှတ်

ပထမဆုံးသောကိုးရီးယားဘုန်းတော်ကြီးနှင့်ဓမ္မအာဇာနည်ဖြစ်သည့် စိန့်အန်ဒရူးကင်မ် (၁၈၂၁-၁၈၄၆) ၏  နှစ် (၂၀၀) ပြည့်မွေးနေ့အထိမ်းအမှတ်ကျင်းပကြသော အခမ်းအနားများကို ရည်ညွှန်း၍ ဂိုဏ်းချုပ်ဆရာတော်ကြီး Yong-hoon က ဤဂျူဘီလီနှစ်အတွင်း ကိုရီးယားကက်သလစ် ဘာသာဝင်များသည် ကမ္ဘာလောက၏ အလင်းနှင့်ဆားဖြစ်လာကြရန် ဖိတ်ခေါ်ခြင်းခံကြရသည်ဖြစ်၍ သက္ကရာဇ် (၂၀၂၁) ခုနှစ်တွင် ကိုးရီးယားကက်သလစ် သာသနာတော်သည် လူ့အသက်ကိုကာကွယ်ခြင်း၊ သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းစောင့်ရှောက်ခြင်းနှင့် ကိုးရီးယားနှစ်နိုင်ငံအကြား ပြန်လည် ပေါင်းစည်းရေးနှင့် ပြန်လည်သင့်မြတ်ရေးလုပ်ငန်းစဉ်ကို အရှိန်မြှင့်လုပ်ဆောင်ခြင်းများအတွက် ပိုမို၍ ပါဝင်ဆက်ကပ်သင့်ကြောင်း မိန့်မြွက်ခဲ့သည်။

ကက်သလစ်ဘာသာဝင်များ တိုးပွားလာခြင်း

မိမိ၏ဂိုဏ်းချုပ်သာသနာအကြောင်းကိုလည်း ဆက်လက်ပြောကြားခဲ့သည်။ သန်းနှင့်ချီသော ဒေသခံကက်သလစ်များ အရေအတွက်သိသိသာသာတိုးပွားလာခြင်းအပေါ် သုံးသပ်လျက် အသစ်သောပြုပြင်ပြောင်းလဲခြင်းနှင့် တမန်တော်လုပ်ငန်းများတွင်ပါဝင်ခြင်းတို့သည် ဤအသိုင်းအဝိုင်း၏ တိုးတက်မှုအတွက် အဓိကအုတ်မြစ်ဖြစ်သည်ဟုဆိုသည်။

တိုင်းပြည်အတွင်း ကြုံတွေ့ကြရသည့်အခြေအနေများ

ဂိုဏ်းချုပ်ဆရာတော်ကြီး Yong-hoon က တိုင်းပြည်အတွင်း လက်ရှိကြုံတွေ့နေရသော လူမှုရေးပဋိပက္ခများနှင့် နိုင်ငံရေးဆိုင်ရာဦးဆောင်များမှုကို ခြုံငုံသုံးသပ်ရာ၌ လူသားတစ်ဦးချင်းစီ၏ အခန်းကဏ္ဍနှင့် အတွေးအခေါ်များကို လေးစားလျက် ငြိမ်းချမ်းစွာတွေ့ဆုံဆွေးနွေးခြင်းဖြင့်သာ မတူညီကွဲပြားမှုများကို ကျော်လွှားနိုင်မည်ဖြစ်ကြောင်း၊ နိုင်ငံရေးခေါင်းဆောင်များသည် အများကောင်းကျိုးသယ်ပိုးနိုင်ရန်အတွက် နည်းလမ်းကောင်းများကို ရှာဖွေတွေ့ရှိနိုင်ရန် ကြိုးပမ်းကြရမည်ဖြစ်ကြောင်း၊ဘယ့်ကြောင့်ဆိုသော် "နားထောင်ခြင်းနှင့် အပြန်အလှန် လေးစားမှုသာလျှင် ကျွန်ုပ်တို့၏အနာဂတ်ကို အာမခံပေးနိုင်သည်” ဟူ၍ အလေးအနက် ပြောကြားခဲ့သည်။

“အရှုပ်ထွေးဆုံးအခြေအနေတွေမှာတောင်မှ ကျွန်ုပ်တို့က ကောင်းသောဆမာရိတန်တစ်ဦးရဲ့ ပုံသက်သေကို လိုက်လျှောက်နိုင်ရမယ်။ စစ်မှန်တဲ့ခေါင်းဆောင်တစ်ဦးဆိုတာ မိမိကိုယ်ကို ဦးစားပေးတတ်သူ၊ မိမိရဲ့အတွေးအခေါ်တစ်ခုတည်းသာလျှင် လူတွေကိုလွှမ်းမိုးရမယ်ဆိုတဲ့ စိတ်ထားမျိုးပိုင်ဆိုင်သူမဟုတ်ဘဲ ဘယ်လိုနားထောင်ရမယ်ဆိုတာကို သိနားလည်သူဖြစ်ရမယ်။ ဒီနေရာမှာ ကျွန်ုပ်တို့အတွက် စံပြပုဂ္ဂိုလ်က သခင်ခရစ်တော်ကိုယ်တိုင်ပဲဖြစ်တယ်။  သင်တို့ရဲ့အခွင့်အာဏာကိုကျင့်သုံးပြီး သင်တို့နဲ့နီးစပ်သူတွေကိုအစေခံလိုတဲ့ဆန္ဒရှိမှသာ ကမ္ဘာကြီးကို ပြောင်းလဲနိုင်မှာဖြစ်တယ်” ဟူ၍ ဖြည့်စွက်ပြောကြားခဲ့သည်

ပြီးခဲ့သည့်အောက်တိုဘာတွင် ကိုးရီးယားနိုင်ငံ ကက်သလစ်ဆရာတော်ကြီးများအဖွဲ့ချုပ်၏ ညီလာခံတွင် ဂိုဏ်းချုပ်ဆရာတော်ကြီး Matthias Lee Yong-hoon အား ဥက္ကဌအဖြစ် ရွေးကောက်တင်မြှောက်ခဲ့ကြသည်။ ရွေးကောက်ပွဲပြီးနောက် သူ၏မိန့်ခွန်းတွင် တောင်ကိုရီးယား၌ သာသနာတော်ကြုံတွေ့ရသည့် အဓိကစိန်ခေါ်မှုများထဲမှ COVID-19 ကူးစက်ရောဂါနှင့် ဘဝပြနာများ၊ ကိုးရီးယားကက်သလစ်ဆရာတော်ကြီးများက နှစ်ပေါင်းများစွာ ထောက်ခံအားပေးခဲ့သည့် သေဒဏ်ကိုဖျက်သိမ်းခြင်းနှင့် နိုင်ငံတော်က ဆွေးနွေးအဖြေရှာနေသည့် တရားဝင်ကိုယ်ဝန်ဖျက်ချခြင်းအကြောင်းများကို ထည့်သွင်းဖော်ပြခဲ့သည်။ ထို့အပြင် ကိုးရီးယားကက်သလစ်သာသနာတော်အတွက် ဦးစားပေးဆောင်ရွက်ရမည့် တမန်တော်လုပ်ငန်းအဖြစ် မြောက်ကိုးရီးယားနှင့် ပြန်လည်သင့်မြတ်ရေးပြန်လည်ပေါင်းစည်းရေးလုပ်ငန်းစဉ်များ၊  ရာသီဥတုပြောင်းလဲခြင်းနှင့်ပတ်သက်၍ ဆောင်ရွက်ရမည့်အရာများနှင့် ဘုံနေအိမ်ကမ္ဘာကြီးအား ကာကွယ်ရေးအတွက် လုပ်ငန်းများကိုလည်း ထုတ်ဖော်ပြောကြားခဲ့သည်။

Source: Vatican News

 


2021-01-07 01:45:36
NEWS AND EVENTS