Untitled Document
Untitled Document
Myanmar Catholic Church
CBCM
Untitled Document

မြန်မာပြည်သူပြည်သားအပေါင်းနှင့် အပြည်ပြည်ဆိုင်ရာ မိတ်ဆွေများထံသို့

ပေးပို့သော ကာဒီနယ် ချားလ်စ်မောင်ဘို၏ သတင်းစကား

ရက်စွဲ။ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၃ ရက်

ချစ်ခင်လေးစားရပါသော မိတ်ဆွေအပေါင်းတို့၊

            ယခုအချိန် ကြုံတွေ့နေရတဲ့ ပြည်သူသန်းပေါင်းများစွာရဲ့ ရင်တွင်းက ခံစားချက်ကို စာနာ နားလည်တဲ့အလျောက် ဘာသာရေးခေါင်းဆောင်တစ်ဦးအနေနဲ့ ဒီသတင်းစကားကို ကျွန်ုပ်ရေး သားလိုက်ပါတယ်။ အခုသတင်းစကားကို ကျွန်ုပ်ချစ်သော ပြည်သူပြည်သားများ၊ အရပ်သားခေါင်း ဆောင်များ၊ တပ်မတော်နဲ့ နိုင်ငံတကာအသိုင်းအဝိုင်း စတာတွေအားလုံးကို ဦးတည်ပြီး ရေးသား ခြင်းလည်း ဖြစ်ပါတယ်။

ကျွန်ုပ်တို့နိုင်ငံရဲ့သမိုင်းမှာ အမှောင်ထုကျရောက်တဲ့အခိုက်အတန့်တွေကို ဝမ်းနည်းကြေကွဲ စိတ်နဲ့ ကျွန်ုပ်ကြည့်ရှုနေခဲ့ရပါတယ်။ ပြည်သူပြည်သားများအနေနဲ့လည်း လူ့ဂုဏ်သိက္ခာအတွက် လှုပ်ရှားနေကြချိန်မှာ အခြေအနေကို ကောင်းမွန်စွာ တုံ့ပြန်နိုင်မယ်လို့ ကျွန်ုပ်မျှော်လင့်ပါတယ်။ နိုင်ငံ့သမိုင်းကြောင်းမှာ စိန်ခေါ်မှုအကြီးဆုံးကာလကို ကျွန်ုပ်တို့ဖြတ်သန်းနေကြပါပြီ။ ကျွန်ုပ်တို့ချစ် တဲ့နိုင်ငံတော်အပေါ်မှာ လွှမ်းခြုံနေတဲ့ အမှောင်ထုကြီး  ထာ၀ရကွယ်ပျောက်သွားဖို့ ဆုတောင်းရင်း ရေရှည်တည်တံ့မယ့်ဖြေရှင်းနည်းကို ရှာကြံလိုတဲ့အတွက် သင်တို့အားလုံးထံသို့ ဒီသတင်းစကားကို ကျွန်ုပ်ရေးသားခြင်းဖြစ်ပါတယ်။

 

၁။ ကျွန်ုပ်ချစ်ခင်မြတ်နိုးရပါသော မြန်မာပြည်သူပြည်သားများ

            မျှော်လင့်မထားဘဲ နိုင်ငံအတွင်းမှာ ထိတ်လန့်တုန်လှုပ်ဖွယ်ဖြစ်ရပ်တွေ ကြုံတွေ့လာရချိန် မှာ သင်တို့ခံစားရသလို ကျွန်ုပ်လည်းပဲ ခံစားနေရပါတယ်။ သင်တို့တစ်ဦးတစ်ယောက်စီတိုင်းက ဘယ်သောအခါမှ အကြမ်းဖက်လမ်းစဉ်ကိုမလိုက်ဘဲ အခြေအနေကို တည်တည်ငြိမ်ငြိမ် ရင်ဆိုင် ကြဖို့ ကျွန်ုပ်မေတ္တာရပ်ခံလိုပါတယ်။ သွေးစွန်းခဲ့ရတဲ့ဖြစ်ရပ်တွေ အလွန်များပြားခဲ့ပြီဖြစ်လို့ ဒီနိုင်ငံ မှာ နောက်တစ်ဖန် သွေးမစွန်းရစေဖို့ ကျွန်ုပ်တို့ကြိုးပမ်းကြပါစို့။ ဒီလိုစိန်ခေါ်မှုကြီးမားလွန်းလှတဲ့ ကာလမှာတောင် ငြိမ်းချမ်းရေးရဖို့ အလားအလာရှိသေးတယ်လို့ ကျွန်ုပ်ယုံကြည်နေမိပါတယ်။ ငြိမ်း ချမ်းရေးလမ်းစဉ်သည်သာလျှင် တစ်ခုတည်းသောလမ်းစဉ်ဖြစ်ပါတယ်။ ကျွန်ုပ်တို့လက်မခံတဲ့အရာ တွေကို အကြမ်းမဖက်တဲ့နည်းလမ်းများနဲ့ ပြသနိုင်ပါတယ်။

            အခုဖြစ်ပျက်နေတဲ့အခြေအနေတွေမှာ မတူကွဲပြားတဲ့အမြင်များနဲ့ အငြင်းပွားနေတာကို တွေ့ဆုံဆွေးနွေးဖို့ ဆက်သွယ်ဆောင်ရွက်မှုအားနည်းရာက ဖြစ်ပေါ်လာရတယ်လို့ ဝမ်းနည်းဖွယ် တွေ့ရှိခဲ့ရပါတယ်။ လူ့ဂုဏ်သိက္ခာနဲ့ အမှန်တရားရရှိဖို့ ကျွန်ုပ်တို့လုပ်ဆောင်ရာမှာ အမုန်းတရား တွေဆက်လက်မပြန့်ပွားစေဖို့ ကြိုးပမ်းကြပါစို့။ အဖွဲ့အစည်းအသီးသီးက ခေါင်းဆောင်များနဲ့ ဘာ သာရေးခေါင်းဆောင်များအနေနဲ့လည်း မိမိတို့အဖွဲ့အစည်းတွေကို ငြိမ်းချမ်းသောနည်းလမ်းများနဲ့ တုံ့ပြန်ကြဖို့ ဆုတောင်းတာတွေ၊ အသိပညာပေးတာတွေ ပြုလုပ်နိုင်ကြပါစေ။ သွေးထိုးလှုံ့ဆော်တာ မျိုးကို ရှောင်ရှားပြီး နိုင်ငံသားအားလုံးအတွက်၊ အရာအားလုံးအတွက် ဆုတောင်းပေးကြပါ။

            ကမ္ဘာ့ကပ်ရောဂါကျရောက်နေတဲ့ကာလမှာ ကျွန်ုပ်တို့နေထိုင်နေကြရပါတယ်။ ကျွန်ုပ်တို့ရဲ့ ကျန်းမာရေးဝန်ထမ်းတွေဟာ ရှေ့တန်းကနေ မားမားမတ်မတ်ရပ်တည်ပြီး လူပေါင်းများစွာရဲ့ အသက်ကို ကယ်တင်ခဲ့ကြပါတယ်။ သင်တို့နာကျင်ခံစားရတာကို ကျွန်ုပ်တို့စာနာ နားလည်မိပါ တယ်။ ကျန်းမာရေးဝန်ထမ်းတချို့ ဆန္ဒပြတဲ့အနေနဲ့ အလုပ်ကနေ နုတ်ထွက်ခဲ့ကြပါတယ်။ သို့ပေမဲ့ ဒီလို အကူအညီလိုအပ်နေတဲ့အချိန်မျိုးမှာ သင်တို့ရဲ့ပြည်သူပြည်သားတွေကို စွန့်ပစ်မထားကြဖို့ ကျွန်ုပ်မေတ္တာရပ်ခံလိုပါတယ်။

 

၂။ ကျွန်ုပ်တို့၏ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် တပ်မတော်သားများ

            မြန်မာနိုင်ငံရဲ့ဖြစ်ရပ်အတွက် တစ်ကမ္ဘာလုံးက အံ့ဩထိတ်လန့်ပြီး ဝမ်းနည်းခဲ့ကြပါတယ်။ လွန်ခဲ့တဲ့ ၂၀၁၅ ခုနှစ်က ရွေးကောက်ခံအစိုးရကို ငြိမ်းချမ်းစွာ အာဏာလွှဲပြောင်းပေးတဲ့နေရာမှာ တပ်မတော်လည်း ပါဝင်ခဲ့တဲ့အတွက် ကမ္ဘာတစ်ခုလုံးက လေးစားချီးကျူးခဲ့ကြပါတယ်။ ဒီတစ်ကြိမ် မှာတော့ လွန်ခဲ့သောနှစ်များအတွင်းမှာ အခြေအနေတွေက ဘယ်လိုဆိုးဝါးလာခဲ့တယ်ဆိုတာကို နားလည်နိုင်ဖို့အတွက် အားလုံးက ကြိုးစားနေကြပါတယ်။ ရွေးကောက်ခံအရပ်သားအစိုးရနဲ့ တပ်မတော်အကြား လုံလောက်တဲ့တွေ့ဆုံဆွေးနွေးမှုမျိုး မရှိခဲ့လို့လား။

            ပဋိပက္ခတွေကြောင့် ထိခိုက်နာကျင်ခဲ့ရတဲ့အဖြစ်တွေက အရမ်းကို များပြားခဲ့ပါပြီ။ နှစ် ပေါင်း(၇၀)လုံးလုံး သွေးစွန်းခဲ့ရတဲ့ အကြမ်းဖက်လမ်းစဉ်ကြောင့် တရားမျှတတဲ့အဖြေတွေ ထွက် ပေါ်လာခဲ့ခြင်းမရှိပါဘူး။ ငြိမ်းချမ်းပြီး စစ်မှန်တဲ့ဒီမိုကရေစီရရှိဖို့ သင်တို့အားလုံး ကတိပြုခဲ့ကြပါ တယ်။ တစ်ချိန်က ချမ်းသာကြွယ်၀ခဲ့တဲ့ ဒီနိုင်ငံမှာ ပြဿနာအရပ်ရပ်ကို ဒီမိုကရေစီနည်းလမ်းနဲ့ ဖြေရှင်းနိုင်လိမ့်မယ်လို့ မျှော်လင့်ခဲ့ကြပါတယ်။ ယခုအခါမှာလည်း သန်းပေါင်းများစွာသော ပြည်သူ ပြည်သားတို့က ဒီမိုကရေစီအတွက် မဲပေးခဲ့ကြပါတယ်။ ငြိမ်းချမ်းစွာ အာဏာလွှဲပြောင်းရေးကို ကျွန်ုပ်တို့ပြည်သူပြည်သားများယုံကြည်ကြပါတယ်။

            ယခုအခါမှာတော့ တပ်မတော်က နိုင်ငံတော်ရဲ့အာဏာကို တစ်ဖက်သတ်သိမ်းယူခဲ့ပါ တယ်။ ဒီလုပ်ရပ်ကို မြန်မာပြည်သူပြည်သားတွေသာမက ကမ္ဘာကပါ အံ့ဩတုန်လှုပ်ခဲ့ရပါတယ်။ မဲစာရင်းမသမာမှုတွေရှိနိုင်တယ်ဆိုတဲ့စွပ်စွဲချက်ကို ဘက်မလိုက်တဲ့အဖွဲ့အစည်းတွေရဲ့ ရှေ့မှောက် မှာ တွေ့ဆုံဖြေရှင်းခဲ့မယ်ဆိုရင် ပြေလည်သွားနိုင်ပေမဲ့ အခုတော့ ဒီအခွင့်အရေးကို လက်လွှတ် ဆုံးရှုံးခဲ့ရပါတယ်။ ဒီလိုမျိုး နိုင်ငံ့အာဏာသိမ်းယူခဲ့တဲ့အတွက် ကမ္ဘာ့ခေါင်းဆောင်တွေက ပြစ်တင် ရှုတ်ချခဲ့ကြပါတယ်။ ဆက်လက်ပြီးတော့လည်း ပြစ်တင်ရှုတ်ချသွားမှာပဲ ဖြစ်ပါတယ်။

            မဲစာရင်းတွေကို စစ်ဆေးပြီး နောက်ထပ်ရွေးကောက်ပွဲတစ်ခုကျင်းပပြီးရင် ပိုမိုကောင်းမွန်တဲ့ ဒီမိုကရေစီရရှိစေရမယ်လို့ ယခုတစ်ဖန် သင်တို့ကတိပြုခဲ့ကြပါတယ်။ မြန်မာပြည်သူပြည်သားတွေ ဟာ အနှစ်သာရကင်းမဲ့တဲ့ကတိစကားတွေကို ငြီးငွေ့လှပါပြီ။ ကြေညာချက်အတုအယောင်တွေကို သူတို့လက်ခံကြတော့မှာမဟုတ်ပါဘူး။ နောင်တစ်နှစ်အကြာမှာ ပါတီစုံရွေးကောက်ပွဲကြီးကျင်းပပေး မယ်လို့ သင်တို့ကတိပြုခဲ့ကြပါတယ်။ ကျွန်ုပ်တို့ပြည်သူပြည်သားတွေရဲ့ယုံကြည်မှုကို သင်တို့ဘယ်လို ရယူနိုင်မလဲ။ ပေးထားတဲ့ကတိစကားတွေအတိုင်း ရိုးသားစွာ အကောင်အထည်ဖော် လုပ်ဆောင်မှ သာ သူတို့ယုံကြည်ကြပါလိမ့်မယ်။

            ပြည်သူပြည်သားတွေရဲ့ခံစားချက်နဲ့ စိတ်ပျက်မှုကို သင်တို့နားလည်ဖို့ လိုပါတယ်။ သင်တို့ရဲ့ လုပ်ဆောင်မှုတွေက ပြည်သူပြည်သားတွေကို ချစ်ကြောင်း၊  ဂရုစိုက်ကြောင်း သက်သေပြနိုင် ရပါမယ်။ သူတို့ကို ငြိမ်းချမ်းစွာနှင့် ဂုဏ်သိက္ခာရှိရှိ ဆက်ဆံကြဖို့ သင်တို့ကို ကျွန်ုပ်ထပ်မံ မေတ္တာရပ်ခံလိုပါတယ်။ ကျွန်ုပ်တို့ချစ်ခင်ရတဲ့ မြန်မာပြည်သူပြည်သားများအပေါ် အကြမ်းဖက်ခြင်းမျိုး လုံး၀မပြုလုပ် ကြပါနဲ့။

            အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ရွေးကောက်ခံကိုယ်စားလှယ်များ ဖမ်းဆီးထိန်းသိမ်းခံနေရ တာဟာလည်း ဝမ်းနည်းစရာကောင်းပါတယ်။ အလားတူပဲ စာရေးဆရာတွေ၊ တက်ကြွလှုပ်ရှားသူ တွေ၊ ကျောင်းသားလူငယ်တွေကို ဖမ်းဆီးထားခြင်းဟာလည်း ဝမ်းနည်းစရာကောင်းပါတယ်။ သူတို့ ရသင့်ရထိုက်တဲ့အခွင့်အရေးတွေကို လေးစားဖို့နဲ့ သူတို့ကို အမြန်ဆုံးပြန်လွှတ်ပေးဖို့ သင်တို့ကို ကျွန်ုပ်တောင်းဆိုပါတယ်။ သူတို့ဟာ စစ်သုံ့ပန်းတွေမဟုတ်ပါဘဲ ဒီမိုကရေစီခရီးလမ်းက နိုင်ငံရေး အကျဉ်းသားတွေသာဖြစ်ပါတယ်။ ဒီမိုကရေစီ ရပါစေ့မယ်လို့ သင်တို့ကတိပြုတယ်ဆိုရင် ပထမဆုံး သူတို့တွေကို အရင်လွှတ်ပေးလိုက်ပါ။ ဒါမှသာ ကမ္ဘာက သင်တို့ကို နားလည်လာပါလိမ့်မယ်။

 

၃။ ဒေါ်အောင်ဆန်းစုကြည်၊ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်နှင့် ကျွန်ုပ်တို့ချစ်မြတ်နိုးရသော

ခေါင်းဆောင်များအားလုံး ချစ်ခင်လေးစားရပါသော NLD ခေါင်းဆောင်များ၊

            သင်တို့ဟာ မြန်မာနိုင်ငံမှာ ဒီမိုကရေစီထွန်းကားဖို့ မရပ်မနားကြိုးပမ်းရင်းနဲ့ အခုလိုဒုက္ခ ကြုံနေကြရတာဖြစ်ပါတယ်။ မမျှော်လင့်တဲ့အလှည့်အပြောင်းတွေကြောင့် သင်တို့ဟာ ဖမ်းဆီး ထိန်း သိမ်းခံနေကြရပါတယ်။ သင်တို့အားလုံးအတွက် ကျွန်ုပ်တို့ဆုတောင်းပေးနေပါတယ်။ သက်ဆိုင်ရာ တာဝန်ရှိသူတွေကိုလည်း သင်တို့ကို အမြန်ဆုံးလွှတ်ပေးဖို့ ကျွန်ုပ်တို့တောင်းဆိုနေပါတယ်။

ချစ်ခင်လေးစားရပါသော ဒေါ်အောင်ဆန်းစုကြည်၊

            သင်ဟာ ကျွန်ုပ်တို့ပြည်သူပြည်သားတွေအတွက် အသက်ရှင်နေတာဖြစ်ပြီး အဲဒီအတွက် သင့်ရဲ့ဘ၀ကိုလည်း အနစ်နာခံ စတေးခဲ့ပါတယ်။ သင်ဟာ အမြဲတမ်းပဲ ကျွန်ုပ်တို့ပြည်သူပြည်သား တွေရဲ့အသံဖြစ်နေပါလိမ့်မယ်။ ဒီနေ့ရက်တွေဟာ နာကျင်ကြေကွဲရတဲ့နေ့ရက်တွေပါပဲ။ ဒီနိုင်ငံရဲ့ ကောင်းခြင်း၊ ဆိုးခြင်းတွေကို သင်ကိုယ်တိုင်ကြုံတွေ့ခဲ့ရပြီးဖြစ်ပါတယ်။ သင်ဟာ ဒီနိုင်ငံရဲ့ဖခင် ဗိုလ်ချုပ်အောင်ဆန်းရဲ့အချစ်ဆုံးသမီးဖြစ်ရုံတင်မကဘူး တစ်နိုင်ငံလုံးက ]]အမေစု}}ဆိုပြီး ချစ်ခင် မြတ်နိုးရသူလည်းဖြစ်ပါတယ်။ အမှန်တရားက အောင်နိုင်ပါလိမ့်မယ်။ ဘုရားသခင်ဟာ အမှန် တရားကို ဖော်ဆောင်ပေးတဲ့အရှင်ဖြစ်ပါတယ်။ ဒါပေမဲ့ ဘုရားသခင်က သင့်လျော်တဲ့အချိန်ကို စောင့်ဆိုင်းလေ့ရှိပါတယ်။ အခုအချိန်မှာ သင်ခံစားရတဲ့ဒုက္ခအတွက် ကျွန်ုပ်များစွာစိတ်မကောင်း ဖြစ်ရပါတယ်။ သင့်ရဲ့ပြည်သူပြည်သားတွေကြားမှာ သင်တစ်ဖန်လျှောက်လှမ်းပြီး သူတို့တွေရဲ့ စိတ် ဓာတ်ကို မြှင့်တင်ပေးနိုင်ပါစေလို့ ကျွန်ုပ်ဆုတောင်းပါတယ်။

            တစ်ချိန်တည်းမှာပဲ အခုလိုအခြေအနေမျိုးရောက်လာရတာဟာ အချင်းချင်းဆက်သွယ်ပြီး ]]တွေ့ဆုံဆွေးနွေးမှု}}နည်းပါးလို့၊ တစ်ဖက်နဲ့တစ်ဖက် လက်ခံနိုင်စိတ်နည်းပါးလို့ ဖြစ်လာရတယ်ဆို တာကိုတော့ ကျွန်ုပ်ပြောကြားပါရစေ။

၄။ အပြည်ပြည်ဆိုင်ရာ မိတ်ဆွေများ

            သင်တို့ရဲ့ဂရုစိုက်မှုကို ကျွန်ုပ်တို့ကျေးဇူးတင်ရသလို ကျွန်ုပ်တို့နဲ့အတူ အံ့ဩထိတ်လန့်ခဲ့တဲ့ သင်တို့ရဲ့အပြုအမူကိုလည်း ကျွန်ုပ်တို့တလေးတစား အသိအမှတ်ပြုပါတယ်။ ဒီလိုအချိန်မျိုးမှာ ကျွန်ုပ်တို့နဲ့အတူ လိုက်ပါခံစားပေးတဲ့အတွက် ကျေးဇူးစကားဆိုချင်ပါတယ်။ သင်တို့ရဲ့အပြုအမူက ကျွန်ုပ်တို့ကို အားရှိစေပါတယ်။

            ဒါပေမဲ့ သမိုင်းကို ပြန်ကြည့်ရင် အလျင်စလို ဆုံးဖြတ်ပြီး တုံ့ပြန်လုပ်ဆောင်ချက်တွေဟာ နောက်ဆုံးမှာတော့ ကျွန်ုပ်တို့ပြည်သူပြည်သားတွေကို အကျိုးမပြုတာ တွေ့ရပါတယ်။ နိုင်ငံတကာ ပိတ်ဆို့အရေးယူမှုတွေ၊ ပြစ်တင်ရှုတ်ချတာတွေကြောင့် ကြီးမားတဲ့ရလဒ်မထွက်ပေါ်ဘဲ နိုင်ငံဟာ ကမ္ဘာနဲ့ အဆက်အသွယ်ပြတ်ပြီး တွေ့ဆုံဆွေးနွေးရေးလမ်းစဉ်တွေလည်း နည်းပါးသွားပါတယ်။ ဒီလိုတင်းတင်းကြပ်ကြပ်ကိုင်တွယ်ဖြေရှင်းခြင်းဟာ ကျွန်ုပ်တို့နိုင်ငံရဲ့သယံဇာတတွေကို မျက်စိကျ နေတဲ့ အင်အားကြီးနိုင်ငံတွေအတွက် အခွင့်ကောင်းပေးလိုက်သလို ဖြစ်သွားနိုင်ပါတယ်။

            ဒါကြောင့် သက်ဆိုင်ရာတာဝန်ရှိသူတွေအနေနဲ့ နိုင်ငံကို အရင်းပြုပြီး အလဲအလှယ်လုပ်ရ တဲ့အဖြစ်မျိုးရောက်သွားရအောင် မတွန်းပို့ကြဖို့ ကျွန်ုပ်မေတ္တာရပ်ခံပါတယ်။ နိုင်ငံတကာအသိုင်း အဝိုင်းအနေနဲ့လည်း မြန်မာနိုင်ငံရဲ့သမိုင်းကြောင်းနဲ့ နိုင်ငံရေးနှီးနွယ်တဲ့အကျိုးစီးပွားတွေကို ပကတိအခြေအနေအတိုင်း ကောင်းမွန်စွာ နားလည်ဖို့ လိုပါတယ်။ နိုင်ငံတကာရဲ့အရေးယူပိတ်ဆို့ မှုတွေကြောင့် နိုင်ငံရဲ့စီးပွားရေးပြိုလဲပြီး သန်းပေါင်းများစွာသောပြည်သူတွေဟာလည်း ဆင်းရဲ တွင်းထဲ သက်ဆင်းရပါလိမ့်မယ်။ အဓိကတာဝန်ရှိသူတွေအချင်းချင်းပြန်လည်သင့်မြတ်ဖို့ စီစဉ် လုပ်ဆောင်ပေးခြင်းသည်သာလျှင် တစ်ခုတည်းသောလမ်းစဉ်ဖြစ်ပါတယ်။

            ယခုကြုံတွေ့ခဲ့ရတဲ့ဖြစ်ရပ်ဟာ တိုင်းပြည်အတွက် ကြေကွဲစရာဖြစ်ပါတယ်။ ကျွန်ုပ်တို့ပြည် သူပြည်သားတွေရဲ့စိတ်နှလုံးမှာလည်း ဝမ်းနည်းကြေကွဲခဲ့ရပါတယ်။ သူတို့ကို နှစ်သိမ့်အားပေးလိုတဲ့ စိတ်နဲ့ ဒီသတင်းစကားကို ရေးသားရခြင်းလည်းဖြစ်ပါတယ်။ ဒါကို ရေးသားတဲ့နေရာမှာ နိုင်ငံရေး သမားတစ်ယောက်အနေနဲ့ ရေးသားခဲ့ခြင်းမဟုတ်ပါဘူး။

            ဒီနိုင်ငံမှာ တာဝန်ရှိသူတွေအနေနဲ့ ပြည်သူပြည်သားတွေအားလုံးအတွက် အကောင်းဆုံးကို လုပ်ဆောင်ပေးဖို့ ဆန္ဒရှိတယ်လို့ ကျွန်ုပ်ယုံကြည်ထားပါတယ်။ ချစ်ခင်ဖွယ်ကောင်းတဲ့ ပြည်သူပြည် သားတွေရဲ့ ရွှေနိုင်ငံတော်ကြီးဟာလည်း ကမ္ဘာ့အလယ်မှာ အချင်းချင်းပြန်လည်သင့်မြတ်ပြီး မျှော် လင့်ခြင်းနဲ့ ငြိမ်းချမ်းရေးကို ဆောင်ကြဉ်းပေးတဲ့ လူ့အဖွဲ့အစည်းအဖြစ် ထွက်ပေါ်လာဖို့ ကျွန်ုပ် မျှော်လင့်ဆုတောင်းရင်း ဒီသတင်းစကားကို ရေးသားလိုက်ပါတယ်။ အငြင်းပွားမှုအားလုံးကို တွေ့ ဆုံဆွေးနွေးခြင်းနည်းလမ်းတွေနဲ့သာ ဖြေရှင်းကြပါစို့။

            ငြိမ်းချမ်းရေးရဖို့ အလားအလာတွေရှိနေပါတယ်။ ငြိမ်းချမ်းရေးလမ်းစဉ်သည်သာ တစ်ခု တည်းသောလမ်းစဉ်ဖြစ်ပါတယ်။ ဒီလမ်းစဉ်မှာရှိတဲ့ တစ်ခုတည်းသောအလင်းကတော့ ဒီမိုကရေစီ အလင်းပဲ ဖြစ်ပါတယ်။

 

 

ကာဒီနယ် ချားလ်စ်မောင်ဘို

ရန်ကုန်ကက်သလစ်ဂိုဏ်းချုပ်ဆရာတော်၊ မြန်မာနိုင်ငံ

မြန်မာနိုင်ငံကက်သလစ်ဆရာတော်ကြီးများအဖွဲ့ချုပ်၏ဥက္ကဋ္ဌ

အာရှကက်သလစ်ဆရာတော်ကြီးများအဖွဲ့ချုပ်၏ဥက္ကဋ္ဌ

မြန်မာနိုင်ငံ ငြိမ်းချမ်းမေတ္တာအဖွဲ့အစည်း၏နာယကဆရာတော်

နိုင်ငံတကာ ငြိမ်းချမ်းမေတ္တာအဖွဲ့အစည်း၏တွဲဖက်ဥက္ကဋ္ဌ
ဗအအခော့နညအျ မေနa


2021-02-03 21:41:50
NEWS AND EVENTS