Untitled Document
Untitled Document
Myanmar Catholic Church
CBCM
Untitled Document

မိသားစုများအတွက် ဆုတောင်းမေတ္တာ

မိသားစုချစ်ခြင်းဆိုသည်မှာ ခေါ်တော်မူခြင်းနှင့် သန့်ရှင်းခြင်းသို့ရောက်စေသောလမ်း

ကောင်းကင်ဘုံအရှင် အဖဘုရားသခင်၊

မိသားစုများကိုတည်ထောင်ပေးတော်မူသော ကိုယ်တော့်မဟာကျေးဇူးတော်အတွက် ကိုယ်တော်ရှင်အား ချီးမွမ်းရန်နှင့် ကျေးဇူးတင်ရန် ကိုယ်တော့်မျက်မှောက်တော်သို့ တပည့်တော်တို့ ရောက်ရှိလာကြပါသည်။

သန့်ရှင်းမြင့်မြတ်သော ထိမ်းမြားခြင်းစက္ကရမင်တူးအားဖြင့် သန့်ရှင်းစေသော မိသားစုအားလုံးအတွက် ကိုယ်တော်ရှင်ထံ တပည့်တော်တို့ဆုပန်ကြပါသည်။ ယင်းတို့သည် မိမိတို့ခံစားခဲ့ရသော ကျေးဇူးတော်များကို နေ့စဉ်ပြန်လည်တွေ့မြင်နိုင်ကြကာ၊ မိသားစုသာသနာတော်လေးများအဖြစ်နှင့် ကိုယ်တော်ရှင်၏တည်ရှိမှုနှင့် ခရစ်တော်ရှင်၏ မိမိသာသနာတော်အပေါ်ထားရှိသော ချစ်ခြင်းမေတ္တာတော်အား အဘယ်ကဲ့သို့သက်သေခံ ရမည်ကို ယင်းတို့အား သိမြင်စေတော်မူပါ။

ရောဂါဝေဒနာကြောင့်လည်းကောင်း၊ ယင်းတို့သာသိသော အဖြစ်အခြေအနေများကြောင့်လည်းကောင်း အခက်အခဲများနှင့်ဝေဒနာများကို တွေ့ကြုံခံစားနေကြရသော မိသားစုအားလုံးအတွက် ကိုယ်တော်ရှင်ထံ တပည့်တော်တို့ဆုပန်ကြပါသည်။ သူတို့အား ကွယ်ကာစောင့်ရှောက်တော်မူပါ။ ကိုယ်တော်ရှင် သူတို့အား ဖိတ်ခေါ်တော်မူသည့် သန့်ရှင်းမြင့်မြတ်မှုလမ်းစဉ်ကို သူတို့သတိပြုစေတော်မူပါ။ သို့မှသာ သူတို့သည် ကိုယ်တော်ရှင်၏ အနန္တသနားခြင်းကရုဏာတော်ကို ခံစားသိရှိနိုင်ကြ၍ ချစ်ခြင်းမေတ္တာ၌ ရှင်သန်ကြီးထွား နိုင်ရန် အသစ်သောနည်းလမ်းများကို ရှာဖွေတွေ့မြင်နိုင်ကြပါလိမ့်မည်။

ကလေးသူငယ်များနှင့် လူငယ်များသည် ကိုယ်တော်ရှင်ဘုရားနှင့်ဆုံတွေ့နိုင်ကြ၍ ယင်းတို့အဖို့ ကိုယ်တော် အကြံအစည်ရှိတော်မူသော ခေါ်တော်မူခြင်းအသက်တာကို ရွှင်လန်းဝမ်းမြောက်စွာ တုန့်ပြန်အဖြေပေးနိုင် ကြရန် ယင်းတို့အတွက် ကိုယ်တော်ရှင်ထံ တပည့်တော်တို့ဆုပန်ကြပါသည်။

မိဘတို့နှင့်အဘိုးအဘွားတို့သည် မိမိတို့ထံ ကိုယ်တော်ရှင်အပ်နှံထားသော သားသမီးတို့၏ခန္ဓာနှင့်စိတ်ဝိညာဉ် နှစ်ခုစလုံးကို ပြုစုစောင့်ရှောက်ခြင်းအားဖြင့် ကိုယ်တော်ရှင်၏ ဖခင်ဘ၀နှင့်မိခင်ဘ၀၏ အမှတ်လက္ခဏာများ ဖြစ်ကြသည်ကိုလည်းကောင်း၊ ကမ္ဘာကြီးအတွက် မိသားစုကပေးဝေနိုင်သော ညီအစ်ကိုမောင်နှမစိတ်ဓာတ်ကို လည်းကောင်း သတိပြုမိကြစေဖို့ငှါ ယင်းတို့အတွက် ကိုယ်တော်ရှင်ထံ တပည့်တော်တို့ ဆုပန်ကြပါသည်။

အိုသခင်ဘုရား၊ မိသားစုတိုင်းသည် သာသနာတော်အတွင်း၌ သန့်ရှင်းမြင့်မြတ်မှုသို့ မိမိတို့ တထူးတခြား ခေါ်တော်မူခြင်း ခံရသည့်အတိုင်း အသက်ရှင်နေထိုင်ခြင်းအားဖြင့် သာသနာပြုတမန်တော်များအဖြစ် ယင်းတို့၏ ရဟန်းတော်များ၊ သူတော်စင်များနှင့် သာသနာအတွင်းရှိ ခေါ်တော်မူခြင်းခံရသူအားလုံးနှင့်အတူ အသက်နှင့်ငြိမ်းချမ်းရေးအတွက် အစေခံသူများဖြစ်နိုင်ကြစေရန် ကျေးဇူးတော်များကို ပေးသနားတော်မူပါ။ တကမ္ဘာလုံးဆိုင်ရာ မိသားစုများ၏ တွေ့ဆုံပွဲကိုလည်း ကောင်းချီးပေးတော်မူပါ။ အာမင်


2022-06-13 01:48:58
NEWS AND EVENTS