Untitled Document
Untitled Document
Myanmar Catholic Church
CBCM
Untitled Document

၂၀၁၉ ခု ဧပြီလ ထုတ် CBCM Herald အယ်ဒီတာ အာဘော်


ကြည့်မြင်၊ သုံးသပ်၊ ဆောင်ရွက်

===============


    ပုပ်ရဟန်းမင်းကြီး ယောဟန် (၂၃) က ၁၉၆၁ ခုနှစ် မေလ ၁၅ ရက်နေ့တွင် ထုတ် ပြန်ခဲ့သော ''Mater et Magistra'' (မိခင်နှင့် ဆရာ) ဟု အမည်ပေးထားသော စာချွန်တော်၌ အသင်းတော်သည် လူမှုအသိုင်းအဝိုင်း တိုးတက်ရေး လုပ်ငန်းများတွင် မည်သို့မည်ပုံ ပါဝင် လုပ်ဆောင်ရမည်၊ လူ့ဂုဏ်သိက္ခာကို မည်သို့ မြှင့်တင်ပေးရမည်ကို သွန်သင်ထား သည်။ ထိုစာချွန်တော်တွင် ဘယ်လ်ဂျီယံ ကာဒီနယ် ဂျိုးဇက် ကာဒီဟင် (၁၈၈၂-၁၉၆၁) ၏ ''သိုးထိန်းလုပ်ငန်းနှင့်ဆိုင်သောစက်ဝိုင်း''  (Pastoral Circle) ကို နည်းလမ်းတစ်ခုအ ဖြစ် အသိအမှတ်ပြုထားသည်ကို တွေ့ရသည်။ ကာဒီနယ် ကာဒီဟင်သည် ရဟန်းဘဝ ကပင် ဆင်းရဲသားအလုပ်သမားများအတွက် များစွာလုပ်ဆောင်ခဲ့ပြီး ''Young Christian Workers'' (ခရစ္စယာန်လူငယ် အလုပ်သမားများအသင်း) ကို တည်ထောင်ခဲ့သည်။ ဒုတိ ယဗာတီ ကန်ကောင်စီအစည်းအဝေးတွင် ကာဒီနယ်က ဘာသာရေး လွတ်လပ်ခွင့် အ တွက် လွတ်လပ်သောပညာရေးစနစ်လိုအပ်ကြောင်း၊ ထိုပညာရေးကို ''SEE - JUDGE - ACT''  ကြည့်မြင်၊ သုံးသပ်၊ ဆောင်ရွက် ဟု အနှစ်ချုပ် နိုင်ကြောင်း ဆွေးနွေးတင်ပြခဲ့သည်။
    ၁၉၅၀ နှင့် ၁၉၆၀ ခုနှစ်များတွင် ဖြစ်ပေါ်ခဲ့သော လူမှုရေး၊ စီးပွါးရေး၊ နိုင်ငံရေးနှင့် ယဉ်ကျေးမှု ဓလေ့ထုံးတမ်းများ ပြောင်းလဲမှုများကို ကက်သလစ် သာသနာတော် အနေနှင့် မျက်ခြေမပြတ်ဘဲ မိခင်နှင့်ဆရာသမားအဖြစ် လူသားတို့အား အကျိုးပြုနိုင်ရန် လမ်းညွှန်ခဲ့ ခြင်းဖြစ်သည်။ ထိုကဲ့သို့ သွန်သင်ရာတွင်လည်း အရင်က လမ်းညွှန်ခဲ့သော ပုပ်ရဟန်းမင်း အဆက်ဆက်တို့၏ သွန်သင်ချက်များကို ပြန်လည် ဆန်းသစ်ခြင်းဖြစ်သည်။
    ကြည့်မြင်ခြင်း၊ နားထောင်ခြင်း တို့သည် လူသားထုရင်ဆိုင်နေရသော အခြေအနေ အမှန်ကို သိအောင်ပြုလုပ်ခြင်းဖြစ်သည်။ လူအများ မည်ကဲ့သို့ နေထိုင်စားသောက်နေကြ သည်၊ မည်ကဲ့သို့ ခံစားနေကြရသည်၊ မည်ကဲ့သို့ တွေးခေါ်၊ ပြောဆို၊ ပြုမူနေကြသည်ကို သိရန် လိုအပ်သည်။
    လူသားထု၏ အခြေအနေကို မှန်ကန်စွာ သုံးသပ်ဖို့လိုသည်။ စီရင်ချက်ချခြင်းမဟုတ် ဘဲ လူမှုရေး နည်းနာများ နှင့် ဘာသာရေး၏ သွန်သင်ချက်များနှင့် ယှဉ်ထိုးကာ ဝေဖန်၊ ပိုင်းခြားကာ စိစစ်သုံးသပ် အဖြေရှာကြရန်ဖြစ်သည်။ ထိုသို့ သုံးသပ်ခြင်းဖြင့် အဘယ် ကြောင့် ဤကဲ့သို့ ဖြစ်နေရသနည်း ဆိုသည့် ပြဿနာအရင်းအမြစ်ကို ရှာဖွေနိုင်ကြမည် ဖြစ်သည်။ ထို အခက်အခဲများနှင့် စပ်လျဉ်း၍ သမ္မာကျမ်းစာက မည့်ကဲ့သို့ ဖေါ်ပြထားသ နည်း၊ ကက်သလစ် သာသနာတော်၏ လူမှုရေး သွန်သင်ချက်များက မည်ကဲ့သို့ သင်ကြား ထားသနည်း စသဖြင့် ဝေဖန်သုံးသပ်သည်။
    ဤသို့ သုံးသပ်ခြင်းနှင့်အတူ ဆောင်ရွက်ရမည့်အရာများ အမှန်တကယ် ပေါ်ထွက် လာပါလိမ့်မည်။ လုပ်ဆောင်ရမည့် လုပ်ငန်းစဉ်များကို စီမံကိန်းရေးဆွဲကာ လက်တွေ့ အ ကောင်အထည်ဖေါ် လုပ်ဆောင်ကြရမည်ဖြစ်သည်။
    မြန်မာပြည် ကက်သလစ် သာသနာတော်သည် မြန်မာပြည်အတွက် မိခင်နှင့် ဆရာသမား အဖြစ် ရပ်တည်ရန် အထက်ပါ လုပ်ငန်းစဉ်များကို ဆောင်ရွက်ရမည် ဖြစ် သည်။ ၂၀၁၀ ခုနှစ်မှ အစပြုကာ ပြောင်းလဲလာသော နိုင်ငံရေး အခင်းအကျင်းကြောင့် ပေါ်ထွက်လာသော လူမှုစီးပွါး အခြေအနေများကို သုံးသပ်ကာ မြန်မာနိုင်ငံ တည်ဆောက် ရေးအတွက် ကက်သလစ် သာသနာတော် အနေနှင့် ထိရောက်စွာ ပါဝင်နိုင်ရန် မြန်မာနိုင်ငံ ကက်သလစ်ဆရာတော်ကြီးများ အဖွဲ့ချုပ်မှ ကြီးမှူးကာ နည်းလမ်းများရှာဖွေခဲ့သည်။ သုံး နှစ်တာ ကြည့်မြင်သုံးသပ်ပြီးနောက် ယခုအချိန်တွင် ကရုဏာ မြန်မာ၏ ဦးဆောင်မှုဖြင့် လုပ်ငန်းစဉ်များ ချမှတ်ရေးဆွဲ အကောင်အထည်ဖေါ် လုပ်ဆောင်နေပြီဖြစ်သည်။
    မြန်မာပြည်လူသားထုအကျိုး လုပ်ဆောင်ရာတွင် တစ်ဦးတစ်ဖွဲ့တည်းက လုပ် ဆောင်၍ရသော အလုပ်မျိုးမဟုတ်ပါ။ ထို့ကြောင့် နိုင်ငံတော် တည်ဆောက်ရေး ဆိုသည့် ခေါင်းစဉ်အောက်တွင် ချမှတ်အကောင်အထည်ဖေါ်နေသော လုပ်ငန်းစဉ်တို့သည် All Inclusive ဖြစ်ရေး (အားလုံးပူးပေါင်း ပါဝင်ရေး) မှာ အလွန်အရေးကြီးပါသည်။ ကက်သလစ် သာသနာတော်သည် မြန်မာပြည်တွင် အလွန်သေးငယ်သော အဖွဲ့အစည်းလေးဖြစ်သည်။ ထို့ကြောင့် နိုင်ငံတော် တည်ဆောက်ရေး လုပ်ငန်းစဉ်တွင် အားလုံးပါဝင်ကာ တက်ညီ လက်ညီဆောင်ရွက်ရန်အထူး လိုအပ်သည်။ အားလုံးပါဝင်သော အစီစဉ်တစ်ရပ်အဖြစ် သုံး နှစ်တာရေးဆွဲခဲ့သော လုပ်ငန်းစဉ်များကို အောက်ခြေအထိ ရောက်အောင် လုပ်ဆောင် ခြင်းဖြင့်သာ အားလုံးပူးပေါင်း ပါဝင်ရေးကို မျှော်လင့်နိုင်မည်ဖြစ်သည်။
    ထို့အပြင် ကြည့်မြင်၊ သုံးသပ်၊ ဆောင်ရွက်ခြင်းကို ဖြည့်စွက်ပေးမည့် ပြန်လည်သုံး သပ်ခြင်း (Evaluation) သည်လည်း အရေးပါသော အဆင့်တစ်ခုဖြစ်သည်ကို သတိပြုရ ပါဦးမည်။ မြန်မာပြည် ကက်သလစ် သာသနာတော်သည် ကက်သလစ် ဘာသာဝင်များ အတွက်သာမကဘဲ တစ်တိုင်းပြည်လုံးအတွက် မိခင်နှင့် ဆရာသမား ဖြစ်ပါစေကြောင်း ဆန္ဒမွန်ပြုလိုက်ရပါသည်။


2019-04-01 22:35:07
NEWS AND EVENTS