ကိုရိုနာကပ်ရောဂါအတွင်း ယုံကြည်ခြင်းသက်သေခံလျက်ဆောင်ရွက်သော
ကက်သလစ် ဝမ်းဆွဲဆရာမများ
ကူးစက်နှုန်းမြင့်မားနေဆဲလက်ရှိအချိန်များတွင် ကိုယ်ဝန်ဆောင်မိခင်များသည် ဆေးရုံတွင် မီးဖွားရန်ဆန္ဒမရှိကြဘဲ မိခင်နှင့်ကလေးအန္တရယ်ကင်းစေရန် မိမိတို့ နေအိမ်တွင်ပင် ဝမ်းဆွဲဆရာမနှင့်မီးဖွားနေကြသည်။
၂၀၁၈-ခုနှစ်စစ်တမ်းများအရ အမေရိကန်နိုင်ငံတွင် ယခုကဲ့သို့နေအိမ်တွင်မီးဖွားမှု ၁-ရာခိုင်နှုန်း သာရှိခဲ့သော်လည်း ပြီးခဲ့သည့်လများမှစ၍ ကိုရိုနာကပ်ရောဂါကြောင့် မိမိတို့နေအိမ်၌မီးဖွားစေရန်တွန်းပို့သည့် အခြေအနေတစ်ရပ်ဖြစ်လာစေသည်ဟု ကက်သလစ်ဝမ်းဆွဲဆရာမများကဆိုသည်။
အဆင့်မြင့်ဝမ်းဆွဲအတတ်ပညာသင်ယူထားသော ကက်သလစ်ဝမ်းဆွဲဆရာမ တစ်ဦး ဖြစ်သည့် Tiara Rodgers ကပြောပြသည်မှာ “ကျွန်မတို့ ခါတိုင်းထက်နှစ်ဆလောက် မီးဖွားပေးတဲ့အလုပ်လုပ်နေရပါတယ်။ အရင်က အိမ်မှာမွေးဖွားဖို့စဉ်းတောင်မစဉ်းစား ဖူးတဲ့မိခင်တွေကလည်း အခုတော့ ကပ်ရောဂါကြောင့် အိမ်မှာပဲမွေးဖို့ရွေးချယ်နေ ကြတယ်။ ဒါကြောင့် ဝမ်းဆွဲဆရာမတွေလည်း ခါတိုင်းထက်အများကြီး ပိုအလုပ်ရှုပ် နေကြတယ်” ဟုဆိုသည်။
နောက်ထပ် ကက်သလစ်ဝမ်းဆွဲဆရာမတစ်ဦးဖြစ်သော Tracy Santangelo ကလည်း “ဒီကပ်ရောဂါ အတောအတွင်းမှာ ကျွန်မလုပ်ပေးနေရတာ တစ်ပတ်ကို မိခင် ၇ယောက်၊၈ယောက်လောက်ရှိတယ်” ဟုဆိုထားသည်။
ကမ္ဘာ့ကျန်းမာရေးအဖွဲအစည်းကြီး (WHO) မှလည်း နိုင်ငံအနှံ့အပြား (အထူးသဖြင့်ဆင်းရဲသောနိုင်ငံများ) တွင် ကျွမ်းကျင်စွာသင်ကြား လေ့ကျင့်ထားသော ဝမ်းဆွဲဆရာမ များကြောင့် မီးဖွားစဉ်ကလေးသေဆုံးမှုနှုန်း ၈၀-ရာခိုင်နှုန်းအထိ ကာကွယ် ပေးနိုင်ခဲ့ကြောင်း လေ့လာတွေ့ရှိရသည်။ ထို့ကြောင့် ၂၀၃၀-ခုနှစ်မတိုင်မီ ကမ္ဘာ့ဖွံ့ဖြိုးဆဲနှင့်ဖွံ့ဖြိုးပြီးနိုင်ငံအားလုံးတွင် ဝမ်းဆွဲအတတ်ပညာမြှင့်တင်သည့် အစီစဉ်ကိုဆောင်ရွက်သွားရန်(WHO) မှရည်မှန်းထားသည်။
Rodgers က “ကျွန်မတို့ ဝမ်းဆွဲဆရာမတွေက မိခင်နဲ့ကလေးကို အတတ်နိုင်ဆုံး အန္တရယ်ကင်းကင်းနဲ့ မွေးဖွားပေးဖို့တင်မကဘဲ မိခင်ဖြစ်သူကို စိတ်ပိုင်းဆိုင်ရာ အားပေးမှုတွေ အများကြီး လုပ်ပေးရပါတယ်။ တကယ်လို့ ကိုယ်ဝန်ဆောင်မိခင်မှာ အန္တရယ်များတဲ့အနေအထားမျိုးဆိုရင်တော့ အခုလို ကိုဗစ်ကပ်ရောဂါအချိန်ဖြစ် နေရင်လည်းပဲ ဆေးရုံကိုလွဲပို့ပေးရပါတယ်။
ကိုယ်ဝန်ဆောင်မိခင်တွေက မိမိကိုယ်ကိုစောင့်ရှောက်ဖို့နည်းလမ်းသိဖို့အတွက် အင်တာနက်ကနေ ရှာဖွေလေ့လာကြတယ်၊ အဲလိုလုပ်တာ အများကြီးအကျိုးရှိ စေ ပါတယ်။
တစ်ခါတလေတော့ အထိတ်တလန့်ဖြစ်စရာပါပဲ၊ မွေးချိန်လွန်နေမှ ကမန်းကတန်း ကျွန်မတို့ကိုလှမ်း ခေါ်တာမျိုးပေါ့၊ ကျွန်မတို့သာ မလာနိုင်ရင် သူတို့ဘယ်လိုလုပ် ကြမယ်မသိဘူး။
မီးဖွားခါနီးမိခင်တစ်ယောက်က အိမ်မှာမွေးဖို့စိုးရိမ်နေပေမယ့်၊ ကျွန်မတို့နဲ့ တွေ့ဆုံ ဆွေးနွေးပြီးရင် ယုံကြည်အားကိုးသွားပါတယ်။ သူမရဲ့ ၉-ပေါင်ရှိတဲ့ သားလေးကို မွေးဖွားဖို့ကောင်းကောင်းကူညီပေး လိုက်ပါပြီ။ မီးဖွားမိခင်တွေရဲ့စိတ်ကို သက်သာရာ ရအောင် ကူညီဖေးမတာမျိုးလည်း ကျွန်မတို့လုပ်ရမှာပါပဲ။ မီးဖွားမယ့်မိခင်တွေဟာ သူတို့ကိုတန်ဖိုးထားလေးစားမှုပြုပေးပြီး သူတို့ရဲ့မီးဖွားမှုဟာ လေးနက်တဲ့ အဓိပ္ပါယ် ဖော်ဆောင်ပါတယ်ဆိုတာကိုလည်း အသိအမှတ်ပြုခံချင်ကြပါတယ်။ မိခင်တွေ ဆေးရုံမှာမမွေးချင်တဲ့ အကြောင်းတစ်ခုက သူတို့ကိုသီးသန့်ခွဲထားတဲ့ဥပဒေကြောင့်ပဲ၊ အနားမှာ ဘယ်မိသားစုမှမကပ်ရဘူး၊ မွေးဖွားလာတဲ့မိသားစုဝင်အသစ် ကလေးငယ် လေးကိုလည်း လောလောဆယ် ဘယ်အိမ်သားမှလာကြည့်ခွင့်မရှိဘူးဆိုတာတွေကို မနှစ်သက်ကြဘူးလေ။ ကျွန်မလည်း ဘုရားပေးမိသားစုဝင်အသစ်ကို ကြိုဆိုတဲ့ ဒီအချက်ကို အလေးအနက်ထားတယ်။ အန္တရယ်ကင်းတဲ့နည်းလမ်းနဲ့ပေါ့လေ။ နောက်ပြီးကလေးမွေးဖွားမယ့်အမျိုးသမီးကိုလည်းဘုရားသခင်ရဲ့ကျေးဇူးလက်ဆောင် ရရှိထားသူများဖြစ်တယ်လို့ကြည့်မြင်ပေးပြီး မီးဖွားသူ မိခင်တွေကို ဘာဝေဖန်ဆုံးဖြတ် မှုမှမလုပ်ဘဲ ကူညီလုပ်ဆောင်ပေးတာက ကျွန်မအတွက်ကြီးမားတဲ့ပျော်ရွှင်မှုပါ။
ကျွန်မတို့ကို စိတ်၊ဝိညာဉ်၊ခန္ဓာ နဲ့ဘုရားသခင်ကဖွဲ့စည်းဖန်ဆင်းထားတာပါ၊ တစ်ခုခု မှာ ထိခိုက်သွားရင် ကွက်လပ်ဖြစ်သွားပြီး ပုံစံမှန်မဖော်နိုင်တော့ဘူးပေါ့။ မီးဖွားတဲ့မိခင်နဲ့ကလေးကို ကူညီပေးတဲ့နေရာမှာလည်း ဒီအချက်ကို စဉ်းစားပြီး ဆောင်ရွက်ပေးနိုင်ရင်အကောင်းဆုံးဝန်ဆောင်မှု လို့ဆိုနိုင်မှာပါ” ဟုပြောဆိုခဲ့သည်။
ကက်သလစ်ဘာသာဝင် ဝမ်းဆွဲဆရာမများဖြစ်ကြသော Rodgers နှင့် Santangelo တို့အနေဖြင့် သား၊သမီးမွေးဖွားခြင်းသည် ကာယရေးသာမက၊ ဝိညာဉ်ရေးလည်း ဖြစ်သည်ဆိုသည့် မိမိတို့၏ ယုံကြည်ခြင်းကိုလည်းကောင်း၊ အမျိုးသမီးဟူသည် လူသားတစ်ဦး၏အသက်ကိုမွေးဖွားပေးနိုင်သည့်ကျေးဇူးတော်ကို လက်ခံရရှိထားသူ များ ဖြစ်ကြောင်းပြသခွင့်ရခြင်းကိုလည်းကောင်းသက်သေခံ လျက်လုပ်ဆောင်နေကြ သူများဖြစ်သည်။
မူရင်း-https://www.catholicnewsagency.com/news/as-pandemic-continues-some-catholic-moms-call-the-midwife-28661?fbclid=IwAR0BjTJ7won-rgP9u7-XTt2vXJ15VpCyf5oCUB7HFo1O4_AGStPbLLdWIfk
ဘာသာပြန် OSC-CBCM (Myanmar)
2020-06-25 20:22:15
NEWS AND EVENTS