ရန်ကုန်ကက်သလစ်ဂိုဏ်းချုပ်သာသနာ၏ လက်ထောက်ဆရာတော်အဖြစ် ခန့်အပ်ခြင်းခံရသော
ဖာသာရ်နိုအယ်စောနောအေး၏ ကိုယ်ရေးမှတ်တမ်းအကျဉ်း
ဖာသာရ်နိုအယ်စောနောအေးသည် (၁၉၆၉) ခုနှစ်၊ ဖေဖော်ဝါရီလ (၁၄) ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးမြို့နယ် ဆောက်ဝိုင်းကြီးကျေးရွာတွင် ဖွားမြင်ခဲ့သည်။ မိဘများမှာ (ဦးဂျော့ကင်းနှင့် ရိုမားနားဒေါ်ငွေလှိုင်) တို့ဖြစ်ကြသည်။
မွန်ဆီညော်နိုအယ်စောနောအေးသည် မူလတန်းပညာကို ဆောက်ဝိုင်းကြီးကျေးရွာ၌လည်းကောင်း၊ အလယ်တန်းပညာကို ညောင်တုန်းမြို့နယ်နှင့် တော်လတီးကျေးရွာ၌လည်းကောင်း၊ အထက်တန်းပညာကို အထက (၆) ရန်ကုန်နှင့်၊ အထက (၄)ပဲခူးမြို့၌လည်းကောင်း သင်ယူခဲ့ပြီး ရန်ကုန်တက္ကသိုလ်မှ စိတ်ပညာဘွဲ့ကို ရရှိခဲ့သည်။ ရဟန်းတို့တတ်အပ်သောပညာရပ်များဖြစ်သည့် ဒဿနိကဗေဒ (Philosophy) ကို ပြင်ဦးလွင်မြို့ရှိ မြန်မာနိုင်ငံလုံးဆိုင်ရာ စိန်ဂျိုးဇက်ကက်သလစ်ရဟန်းဖြစ်တက္ကသိုလ်တွင်လည်းကောင်း၊ ဓမ္မသင်္ဂြိုဟ်ပညာရပ် (Theology) ကို ရန်ကုန်မြို့ရှိ မြန်မာနိုင်ငံလုံးဆိုင်ရာ စိန်ဂျိုးဇက်ကက်သလစ်ရဟန်းဖြစ်တက္ကသိုလ်တွင်လည်းကောင်း သင်ယူတတ်မြောက်ခဲ့သည့်အပြင် အမေရိကားနိုင်ငံ၊ နယူးယောက်ပြည်နယ်၊ ရွန်ကာစ်မြို့ရှိ စိန်ဂျိုးဇက်ကက်သလစ်ရဟန်းဖြစ်သင်ကျောင်းနှင့်ကောလိပ်တွင် (၂၀၀၀-၂၀၀၂) ပညာဆည်းပူးခဲ့ပြီး ကက်သလစ်ဓမ္မသင်္ဂြိုဟ်ပညာရပ်ဆိုင်ရာ မဟာဘွဲ့ကို ရရှိခဲ့သည်။
(၁၉၉၅) ခုနှစ်၊ မတ်လ (၁၈) ရက်တွင် ရန်ကုန်ဂိုဏ်းချုပ်သာသနာရှိ စိန်မေရီကာသီဒြယ်၌ ရဟန်းသိက္ခာခံယူခဲ့သည်။ ထို့နောက် အမှုတော်ထမ်းဆောင်သည့်နေရာနှင့် တာဝန်များမှာ အောက်ပါအတိုင်းဖြစ်သည်။
- ရန်ကုန်ဂိုဏ်းချုပ်သာသနာတွင် စိန်ဂျွန်းဘုရားကျောင်း(မောင်ထော်လေး)တွင်လည်းကောင်း၊ စိန်ဩဂုတ်စတင်းဘုရားကျောင်းတွင်လည်းကောင်း လက်ထောက်ကျောင်းထိုင်ဘုန်းကြီးအဖြစ် (၁၉၉၅ - ၁၉၉၇)
- ကျိုင်းတုံသာသနာသို့ သွားရောက်သာသနာပြုခြင်း (၁၉၉၇ - ၁၉၉၉)
- မော်လမြိုင်သာသနာသို့ သွားရောက်သာသနာပြုခြင်း (၂၀၀၃)
- ရန်ကုန်ဂိုဏ်းချုပ်သာသနာရုံး၌ အတွင်းရေးမှူးအဖြစ် (၂၀၀၃ -၂၀၀၇)
- ရန်ကုန်ဂိုဏ်းချုပ်သာသနာရုံး၏ Project Coordinator အဖြစ် (၂၀၀၇ - ယနေ့ထိ)
- ပညာစမ်းရေအသင်းအဖွဲ့ (PSIE) ၏ ဒါရိုက်တာအဖြစ် (၂၀၀၇ - ယနေ့ထိ)
- ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာမြို့နယ်ရှိ သူငယ်တော်ယေဇူးဘုရားကျောင်း၏ တာဝန်ခံဘုန်းတော်ကြီးအဖြစ် (၂၀၀၈ -၂၀၀၉)
- ဂျွန်ပေါလ် (၂) လူငယ်နှင့်ပညာရေးစင်တာ၏ ပညာရေးကော်မရှင်ဥက္ကဌအဖြစ် (၂၀၀၉ - ၂၀၁၃)
- ကက်သလစ်ဆရာတော်ကြီးများအဖွဲ့ချုပ် ပညာရေးကော်မရှင် (CBCM-ECE) ၏ Coordinator အဖြစ် (၂၀၁၃ - ယနေ့ထိ)
- ရန်ကုန်ဂိုဏ်းချုပ်သာသနာ၏ ဘဏ္ဍာထိန်းအဖြစ် (၂၀၁၅ - ယနေ့ထိ)
(၂၀၂၀) ခုနှစ်၊ နိုဝင်ဘာလ (၁၀) ရက်နေ့တွင် ရဟန်းမင်းကြီးဖရန်စစ်အရှင်သူမြတ်မှ ဖာသာရ်နိုအယ်စောနောအေးကို ရန်ကုန်ကက်သလစ်ဂိုဏ်းချုပ်သာသနာ၏ လက်ထောက်ဆရာတော်အဖြစ် ခန့်အပ်လိုက်ပြီဖြစ်ကြောင်း ကြေညာလိုက်သည်။
2020-11-10 10:28:42