Covid-19 ကူးစက်နှုန်းမြင့်မားမှုကြောင့်
ကာပီးစ်ဂိုဏ်းချုပ်ဆရာတော်ကြီးဂျိုးစ်အာဒ်ဗင်းကူလာ၏
ဗာတီကန်ခရီးစဉ်ဖျက်သိမ်းခြင်း
နိုဝင်ဘာလ (၂၈) ရက်နေ့တွင် ကာဒီနယ်အဖြစ် တရားဝင်တင်မြှောက်ခံရမည့် ကာဒီနယ်အသစ် (၁၃) ပါးထဲ၌ တစ်ပါးအပါအဝင်ဖြစ်သော ဖိလစ်ပိုင်နိုင်ငံ၊ ကာပီးစ်ဂိုဏ်းချုပ်ဆရာတော်ကြီး ဂျိုးစ်အာဒ်ဗင်းကူလာသည် အီတလီနိုင်ငံ၌ Covid-19 ကူးစက်မှုနှုန်းမြင့်မားနေသောကြောင့် ဗာတီကန်သို့သွားရမည့်ခရီးစဉ်ကို ဖျက်သိမ်းရန်ဆုံးဖြတ်ထားကြောင်း ဆရာတော်၏ပြောရေးဆိုခွင့်ရှိသူ ဖာသာရ်အေမီးလီယိုအာရ်ဘာတင်း၏ ပြောကြားချက်အရ သိရှိရသည်။
ဖာသာရ်အာရ်ဘာတင်းမှ “အသက်တော် (၆၈) နှစ်ရှိနေပြီဖြစ်တဲ့ဆရာတော်ကြီးက လေယာဉ်လက်မှတ်အဆင်သင့်လုပ်ထားပြီးဖြစ်ပေမဲ့ အခုလိုအချိန်မျိုးမှာ ခရီးသွားဖို့မသင့်တော်တာမို့ ခရီးစဉ်ကိုဖျက်သိမ်းလိုက်ရတာပါ။ ကာဒီနယ်လွီးစ်တာဂလေကတစ်ဆင့် ဒီကိစ္စကို ရဟန်းမင်းကြီးထံ အကြောင်းကြားလျှောက်ထားပြီးဖြစ်ပါတယ်။ ဘရူနိုင်းနိုင်ငံက ကာဒီနယ်ကော်နေလီဦးဆင်မ်လည်းပဲ ဒီခရီးစဉ်ကို ဖျက်သိမ်းလိုက်ပါတယ်” ဟုဆိုသည်။
ကာနွန်ဥပဒေအရ ကာဒီနယ်တင်မြှောက်ခြင်းအခမ်းအနား(ဗာတီကန်)တွင် ကာယကံရှင်မတက်မနေရ မဟုတ်ဘဲ ရဟန်းမင်းကြီး၏ “ခန့်အပ်တင်မြှောက်ခြင်းအမိန့်” သည်သာလျှင် အဓိကဖြစ်ကြောင်း၊ ရဟန်းမင်းကြီးဖရန်စစ်အရှင်သူမြတ်မှ မိမိ၏ကိုယ်စားလှယ်ရွေးချယ်သတ်မှတ်ပြီးသည့်နောက် ကာဒီနယ်တင်မြှောက်ခြင်းအခမ်းအနားကို ကာပီးစ်၌ပင်ကျင်းပ၍ “အနီရောင်ဦးထုပ်” ပေးအပ်ဆင်မြန်းနိုင်ကြောင်း၊ ၎င်းအခမ်းအနားကျင်းပခြင်းနှင့်ပတ်သက်၍ ဗာတီကန်မှ ရဟန်းမင်းကြီးဆိုင်ရာဝတ်ပြုကိုးကွယ်ခြင်းတာဝန်ခံ မွန်ဆီညော်ဂွီဒိုမာရီးနီ၏ အသေးစိတ်ညွှန်ကြားချက်များကို စောင့်ဆိုင်းနေကြောင်းကိုလည်း ဆက်လက်၍ပြောကြားသွားပါသည်။
အီတလီနိုင်ငံတွင် နိုဝင်ဘာလ (၆) ရက်နေ့က Covid-19 ကူးစက်ခံရသူ သုံးသောင်းကျော်ရှိသဖြင့် တစ်နေ့တာကူးစက်မှုအမြင့်မားဆုံးဖြစ်ပြီး၊ ကပ်ရောဂါစတင်ဖြစ်ပွားချိန်မှစ၍ ၎င်းရောဂါကြောင့်သေဆုံးသူ လေးသောင်းကျော်ရှိနေသဖြင့် ဥရောပနိုင်ငံများတွင် အီတလီနိုင်ငံသည် ကူးစက်/သေဆုံးမှု အမြင့်မားဆုံးအခြေအနေ၌ရှိနေသည်။
November 11, 2020
Manila, Philippines
Source: CBCP News
2020-11-11 21:24:34