ကာဒီနယ် Raúl Eduardo Vela ပျံလွန်တော်မူခြင်း
အသက်တော် (၈၆) နှစ်ရှိပြီဖြစ်သော ကာဒီနယ်ဗဲလာသည် Quito ရှိ စိန်ကာမီးလူးစ်ဆေးရုံ၌ အထူးကြပ်မတ်ကုသမှုကို ရက်သတ္တပတ်အတော်ကြာခံယူခဲ့ပြီးနောက် နိုဝင်ဘာလ (၁၅) ရက်နေ့တွင် ပျံလွန်တော်မူခဲ့သည်။ ဈာပနမစ္ဆားကို Quito ကာသီဒြယ်၌ နိုဝင်ဘာလ (၁၇) ရက်၊ နံနက် (၁၀) နာရီတွင် ပြုလုပ်မည်ဖြစ်သည်။
အဆိုပါဆေးရုံ၏ဒါရိုက်တာဖြစ်သူ Fr. Alberto က “ကာဒီနယ်ကြီးဟာ ပျံလွန်တော်မမူခင်လေးမှာ သူအချစ်ရဆုံးသောမိသားစုဝင်တွေ၊ မိတ်ဆွေတွေနဲ့အတူ မေတ္တာရွတ်ဆိုပြီး ဆုတောင်းနေခဲ့တယ်” ဟုပြောပြခဲ့သည်။ ဆရာတော်ကြီးများအဖွဲ့ချုပ်ကလည်း “သူ့ကိုဆုံးရှုံးလိုက်ရလို့ ဝမ်းနည်းပူဆွေးရတယ် ဆိုပေမဲ့ သစ္စာရှိတဲ့အမှုထမ်းတစ်ယောက်အဖြစ်နဲ့ သူ့ကိုဘုရားသခင်ကလက်ခံမယ်ဆိုတာသေချာနေလို့ ကျွန်ုပ်တို့နှစ်သိမ့်မှုရတယ်။ ကာဒီနယ်ကြီးရဲ့ ရက်ရောတဲ့ဆက်ကပ်အပ်နှံမှုအတွက် ဘုရားသခင်ကို ကျွန်ုပ်တို့ကျေးဇူးတင်တယ်။ ဘာသာဝင်များအားလုံးလည်း သူ့ရဲ့ဝိညာဉ်အတွက် ဆုတောင်းပေးကြပါလို့ တောင်းဆိုပါတယ်” ဟုဆိုသည်။
ကာဒီနယ်ဗဲလာသည် (၁၉၃၄) ခုနှစ်၊ ဇန်နဝါရီလ (၁) ရက်နေ့တွင်ဖွားမြင်ခဲ့သည်။ Quito ရှိ စိန်ဂျိုးဇက်ရဟန်းဖြစ်တက္ကသိုလ်တွင် ဒဿနိကဗေဒနှင့် ဓမ္မသင်္ဂြိုဟ်ပညာရပ်များကို သင်ယူတတ်မြောက်ခဲ့ပြီး၊ Riobamba သာသနာ၌ (၁၉၅၇) ခုနှစ်၊ ဇူလိုင်လ (၂၈) ရက်တွင် ရဟန်းသိက္ခာခံယူခဲ့သည်။ (၁၉၆၉) ခုနှစ်တွင် အီကွေဒေါဆရာတော်ကြီးများအဖွဲ့ချုပ်၏ လက်ထောက်အတွင်းရေးမှူးအဖြစ်လည်းကောင်း၊ (၁၉၇၂ မှ ၁၉၇၅ ခုနှစ်အထိ) အတွင်းရေးမှူး အဖြစ်လည်းကောင်း တာဝန်ထမ်းဆောင်ခဲ့သည်။ (၁၉၇၂) ခုနှစ်၊ ဧပြီလ (၂၀) ရက်နေ့တွင် Guayaquil ၏လက်ထောက်ဆရာတော်အဖြစ်ခန့်အပ်ခြင်းခံရပြီး၊ (၁၉၇၅) ခုနှစ်၊ ဧပြီလ (၂၉) ရက်နေ့တွင် Azogues ဆရာတော်အဖြစ်ခန့်အပ်ခြင်းခံရကာ (၁၉၈၉) ခုနှစ်တွင် အီကွေဒေါစစ်တပ်၏ ဝိညာဉ်ရေးတာဝန်ခံဆရာတော်အဖြစ် တာဝန်ပေးအပ်ခြင်းခံခဲ့ရသည်။ သူသည် (၂၀၀၃) မှ (၂၀၁၀) ခုနှစ်၊ စက်တင်ဘာ (၁၁) ရက်အထိ Quito ဂိုဏ်းချုပ်ဆရာတော်ကြီးအဖြစ် အမှုတော်ထမ်းဆောင်ခဲ့သည်။ (၂၀၁၀) ခုနှစ်၊ နိုဝင်ဘာလတွင် ကာဒီနယ်အဖြစ်ခန့်အပ်ခြင်းခံခဲ့ရပြီး ထိုအချိန်၌ အသက်တော် (၇၆) နှစ်ရှိနေပြီဖြစ်သည်။
ရဟန်းမင်းကြီးဖရန်စစ်အရှင်သူမြတ်မှ သူ့အား (၂၀၁၅) တွင် ပီရူးနိုင်ငံ၊ ပီယူရာမြို့၌ကျင်းပသော ဒသမအကြိမ်မြောက် တစ်နိုင်ငံလုံးဆိုင်ရာ “Eucharistic and Marian Congress” ၏ သံတမန်အဖြစ်လည်းကောင်း၊ (၂၀၁၇) တွင် ပီရူး၌ကျင်းပခဲ့သည့် လီမာမြို့မှစိန်ရို့စ်၏ပျံလွန်တော်မူခြင်း နှစ် (၄၀၀) ပြည့် ဂျူဘီလီ၏ သံတမန်အဖြစ်လည်းကောင်း ခန့်အပ်ခဲ့သည်။
(၂၀၁၅) ခုနှစ်တွင်ကျင်းပသော မိသားစုဆိုင်ရာအစည်းအဝေးကြီးမစတင်မီ ကာဒီနယ်ဗဲလာက “ယုံကြည်ခြင်းဆိုတာ သခင်ယေဇူးရဲ့သွန်သင်ချက်ဖြစ်တယ်၊ သာသနာတော်ကြီးက ယုံကြည်ခြင်းကို သိုလှောင်ရာနေရာဖြစ်တယ်။ ကျွန်ုပ်တို့က ဘုရားရှင်ရဲ့ပညတ်တော်ကိုဆန့်ကျင်လို့မရဘူး။ ဒီအစည်းအဝေးကြီးမှာ ယုံကြည်ခြင်းဆိုင်ရာအယူဝါဒကိုကျော်လွန်ပြီး ထူးခြားတဲ့အရာတွေဖြစ်လာဖို့ ဆိုတာကိုတော့ မျှော်လင့်စရာမရှိဘူး။ သတင်းမီဒီယာတွေက ဘုရားသခင်ရဲ့ပညတ်တော်ကို တလွဲကောက်ယူပြီး ဆန့်ကျင်ပြောဆိုနေရင်တောင်မှ အဓိကကျတဲ့အမှန်တရားတွေကို ပြောင်းလဲလို့ မရနိုင်ဘူး။ သာသနာပြုပုဂ္ဂိုလ်တွေဘက်ကနေ ဘာသာဝင်သားသမီးတွေ၊ သာသနာနဲ့ဝေးသွားတဲ့ သားသမီးတွေအပြင် အခြားသောအသင်းတော်က ညီအစ်ကိုတွေဆီ ပိုမိုကောင်းမွန်တဲ့ချဉ်းကပ်မှုတွေ လုပ်ဖို့လိုအပ်တယ်” ဟု CNA သို့ ပြောကြားခဲ့သည်။
ဆက်လက်၍ "ဒါပေမယ့် ကိုယ်တော်မြတ်ပင့်ယူနိုင်တဲ့အခွင့်အရေးတွေကို သူတို့ပြန်ရကြမယ် ဆိုတဲ့သဘောတော့မဟုတ်ဘူး၊ ဘာဖြစ်လို့လဲဆိုတော့ သူတို့က သာမန်အခြေအနေမျိုးမှာရှိနေတာမဟုတ်လို့လေ။ ကျွန်ုပ်တို့တစ်ဦးစီအပေါ်ထားရှိတဲ့ ဘုရားသခင်ရဲ့ သနားကရုဏာတော်ကို သူတို့ ရှာဖွေတွေ့ရှိခံစားနိုင်ဖို့အတွက် ကျွန်ုပ်တို့ဘက်က သူတို့နဲ့ မိတ်သဟာယဖွဲ့ခြင်း၊ ဆုတောင်းပေးခြင်းဖြင့် ကူညီပံ့ပိုးခြင်းစတဲ့ ဝိညာဉ်ရေးပိုင်းဆိုင်ရာ အကူအညီတွေပေးကြရပါမယ်” ဟူ၍ ပြောကြားခဲ့သည်။
Source: Catholic News Angency
2020-11-18 01:22:27